
ဧရာဝတီတိုင်းမ်
ဇွန် ၃ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ယနေ့ ဇွန် ၃ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးတဝိုက်ကို လေကြောင်းအသုံးပြု၍တိုက်ခိုက်ခဲ့သည့်အတွက် ငပလီဟိုတယ်ဇုံအနီးတဝိုက်ကိုပါ ဗုံးများကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက မနေ့ကစပြီးပြန်ဖြစ်တယ်။ ဒီနေ့ နေ့လယ်ပိုင်းတော့ လေယာဉ်တွေနဲ့ဗုံးလာကြဲတာတွေ့တယ်။ ဟိုတယ်ဇုံထဲက Jasamine Ngapali Resort ဟိုတယ်ပျက်စီးသွားတယ်။ ဒေသခံတွေလည်း ပိတ်မိနေပါတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဇွန် ၂ရက်နေ့ ညနေပိုင်းအချိန်ကစပြီး စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး ဂေါ့ရပ်ကွက်နှင့် စပါးကြီးမှ ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။
သံတွဲမြို့နှင့် နှစ်မိုင်ခန့်သာဝေးသည့် ခရမ်းမော်၊ တောင်ပေါက်၊ ဇိမ်ချောင်းနှင့် အလယ်ရွာ အနီးတဝိုက်တွင်လည်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ခလရ ၅၅မှအင်အားတိုးချဲ့ပြီး သံချပ်ကာကားများဖြင့်ပါ တိုက်ပွဲရှိရာသို့ စစ်ကူပို့နေကြောင်း သိရသည်။
တိုက်ပွဲကြောင့် စစ်ကောင်စီက ငပလီလေဆိပ်အနီး လမ်းအားလုံးကိုပိတ်ဆို့လိုက်ပြီး လေကြောင်း ခရီးစဉ်များကိုပါ ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
သံတွဲတွင် စစ်ကောင်စီ၏ ခလရ ၅၅နှင့် ခမရ ၅၆၆တို့ ရှိရာ မေလ နောက်ဆုံးပတ် တိုက်ပွဲများ ရပ်နားထားစဉ်အတွင်း စစ်ကောင်စီက ၎င်းတို့တပ်စွဲထားရာ နေရာများသို့ စစ်အင်အများအပြား တိုးချဲ့ထားကြောင်းသိရသည်။
#သံတွဲ #ငပလီ #ဂေါ့ရပ်ကွက် #စစ်ကောင်စီ #AA #Ayeyarwaddy_Times