
ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
ပြည်တွင်းရွှေဈေးကွက်အတွင်းရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးသဖြင့် ဥပဒေနှင့်အညီခေါ်ယူစစ်ဆေးရန် အခေါက်ရွှေတုံးများအဓိကအရောင်းအဝယ်ပြုသော အကယ်ဒမီရွှေလုပ်ငန်းအပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့် ပွဲစားစုစုပေါင်း ၁၀ ဦးက စစ်ကောင်စီက ယနေ့ ဖမ်းဝရမ်းထုတ်ပြန်သည်။
တရားမဝင်ရွှေအရောင်းအဝယ်ပြုသည်ဟုဆိုကာ အကယ်ဒမီရွှေသန့်စင်လုပ်ငန်း၊ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်၊ ခရမ်းသုံးခွဲရွှေဆိုင်၊ စိန်ကျော်မိုးရွှေဆိုင်၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းပိုင်ရှင်တို့နှင့် ပွဲစား သုံးဦးသည် ထွက်ပြေးတိမ်းရှောင်နေသဖြင့် လျှို့ဝှက်သတင်းပေးနိုင်ကြောင်း စစ်ကောင်စီ ထုတ်ပြန်သည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်တစ်ကယ်မပြုသည့် လေပတ်ကားရွှေဈေးနှုန်းများကို လူမှုကွန်ရက်မီဒီယာများတွင်တစ်ဆင့်ဝါဒဖြန့်ချီပြီး ရွှေဈေးနှုန်းကစားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။
လက်ရှိတွင် ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျှက်ရှိသော တရားမဝင်ရွှေအရောင်းအဝယ်ပြုနေသည့် ပွဲစားများအပါအဝင်စုစုပေါင်း တရားခံ ၂၁ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီကဆိုသည်။
အဆိုပါဖမ်းဆီးစာရင်းထဲတွင် စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်တာသက်သက်ခိုင်ပိုင်ဆိုင်သော ရွှေနန်းတော်၊ စိန်နန်းတော်ဆိုင်များမပါဝင်ကြောင်းသိရသည်။
ပြီးခဲ့သည့် မေ ၃၀ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေဈေးသည် တစ်ရက်အတွင်း တစ်ကျပ်သားလျှင် ကျပ် ၅၈ သိန်းကျော်ထိမြင့်တက်ခဲ့ပြီးနောက် သုံးရက်အကြာတွင် တစ်ကျပ်သားလျှင် ကျပ် ၅၂ သိန်းကျော်ရှိကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#ရွှေလုပ်ငန်းရှင်များဝရမ်းထုတ်ခံရ #အကယ်ဒမီရွှေလုပ်ငန်း #အောင်သမာဓိ #ဇွဲထက် #ဝိန့်စိန်
#Ayeyarwaddy_Times