ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၂ ရက်)

မေမေရဲ့ဝမ်းကြာဗိုက်ထဲကနေ လောကကြီးကို လူသားတစ်ယောက်အနေနဲ့မွေးဖွား ရောက်ရှိလာတဲ့အချိန် ကလေးဘ၀ ကနဦးအစမှသည် အရွယ်ရောက်လူသားတစ်ဦး ဖြစ်လာတဲ့အထိ နောက်ပြန်လှည့်လို့မရတဲ့ဘဝ ခရီးလမ်းရှည်ကို လျှောက်ကြရပါတယ်။

အသက်အရွယ်အလိုက် ဘဝမှတ်တိုင်တွေကိုလည်း ဖြတ်သန်းကျော်လွန်ပြီး ဖွံ့ဖြိုးခဲ့ ရပါတယ်။ ကလေးငယ်တွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်ရေးအတွက် ကလေးငယ်များရဲ့ဖွံ့ဖြိုးမှုမှတ်တိုင်များကို သိရှိထားနိုင်ဖို့အတွက် တင်ဆက်ပေး လိုက်ပါတယ်။

ကလေးငယ်ဖွံ့ဖြိုးမှုမှတ်တိုင်များ

🟥တစ်လမှတစ်လခွဲအရွယ်

အသက်တစ်လမှာတစ်လခွဲအတွင်း ကလေးငယ်များကိုချီထားပါက ကလေးကိုယ်တိုင် ခေါင်းထောင်နိုင်ရပါမယ်။ “အဘူးဘူး အဘားဘား” စတဲ့အသံတွေထွက်ပြီး တံ‌တွေးပူစီ ဖောင်းထအောင် ကလေးပြုစုစောင့်ရှောက်သူ ဖေဖ မေမေတို့ကို နှုတ်ဆက်တတ် ကြပါတယ်။ ဖေဖေမေမေတို့ကို မျက်စိနဲ့အာရုံစူးစိုက်ကြည့်နေတတ်ပါပြီ။

မျက်နှာစိမ်းအသိမိတ်ဆွေတွေကိုလည်း လိုက်ပြီးကြည့်နေတတ်ပါပြီ။ ဖေဖေ မေမေ တို့ကိုလည်းပြုံးပြနေတတ်ပါပြီ။ ဆူဆူညံညံအသံကြားရင်လည်းခေါင်းကလေးလှည့်ပြီး အသံလာရာကို စူးစိုက်‌ငေးကြည့်နေတတ်ပါပြီ။ကလေးထိန်းတဲ့နီးစပ်သူတွေကိုလည်း မှတ်မိစပြုနေပါပြီ။

ဒီလိုအခြေအနေတွေ ရှိနေပြီဆိုရင်တော့ ကလေးရဲ့ဦးနှောက်ကဖွံ့ဖြိုးတယ်ဆိုတာကို ပြသနေတာပါ။

🟥အသက်တစ်လခွဲမှ နှစ်လအရွယ်

ကလေးပြုစုသူက ကလေးကို မှောက်လျက်ထားလိုက်ပါက သားသားမီးမီးတို့ကိုယ်တိုင် လက်မောင်းကိုဆန့်တန်းပြီး ဘေးတိုက်လှိမ့်ကာ အားယူနေတတ်ပါပြီ။ လူအသံကို တုပလုပ်နေပါပြီ။ “အဝူးဝူး အဝါးဝါး အားအား အီးအီး” အသံတွေ ဆူညံသံတွေလိုက်လုပ်နေပါပြီ။
လူတွေကိုတင်မကတော့ဘဲအရာဝတ္ထုတွေကိုပါလိုက်ပြီးကြည့်တက်နေပါပြီ။
ပလုတ်တုတ် အရုပ်တွေ မျက်စိရှေ့ပြရင်ကို မျက်လုံးအကြည့်က အရုပ်တွေရှိရာကို ကြည့်နေတတ်ပါပြီ။

မျက်နှာသစ်အခုမှတွေ့ဖူးတဲ့လူတွေကိုလည်းလိုက်ကြည့်နေပါပြီ။ ဖေဖေ မေမေ နဲ့ သူတို့ကို စောင့်ရှောက် ပေးသူတွေကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတတ်နေပါပြီ။ မျက်နှာသစ် လူစိမ်းတွေကိုလည်းပြုံးပြဖို့ရာ ကြိုးစားနေပါပြီ။

ကလေးငယ်တွေဟာ လူကြီးတစ်ယောက်လိုနေထိုင်ဖို့ကို လသားအရွယ်ကတည်းက သင်ယူလေ့လာတတ်မြောက်နေပါပြီ။

🟥အသက်နှစ်လမှနှစ်လခွဲအရွယ်

ကလေးငယ်ကို မှောက်လျက်လေးထားပါက ဘေးကိုလှည့် ဗိုက်ဖြင့်လှိမ့် ခန္ဓာကိုယ်အားသုံး တာမျိုးတွေ တတ်နေရပါတော့မယ်။တံတောင်ဆစ်ထောက်ပြီး ခေါင်းမတ်မတ်ထောင်ကြည့်တာမျိုးတွေ လုပ်တတ်နေပါပြီ။

လက်နှစ်ဖက်ကိုဆန့်တန်းပြီး ထိုင်ဖို့ကြိုးစားတာတွေ ခေါင်းကိုထောင်အောင် ကြိုးစား ပြီးမတ်တာတွေလုပ်နေပါပြီ။ သားသားမီးမီးတို့ကိုစကားသွားပြောလိုက်ပါက ” အီးအီး အဲအဲ အားအား” စကားတွေပြန်ပြောပါတော့မယ်။ လူစိတ်ဝင်စား အောင်လည်း အသံတွေပြုပါတော့မယ်။

တံ‌တွေးပူစီ‌ဖောင်းလေးတွေပါးစပ်မှာစီနေအောင်မှုတ်ပြီး လျှာတစ်လစ်ထုပ် ကစားတာ တွေလုပ်ပါပြီ။ ဝမ်းဗိုက်သံကြီးနဲ့ရယ်နေတတ်ပါပြီ။

မျက်လုံးကမြင်သမျှအရာနောက်ကို လက်ကလိုက်ပြီး ဟိုဆွဲဒီဆွဲလုပ်ပါတော့မယ်။ ကလေးငယ်ရဲ့ အမြင်အာရုံအတွက် မျက်လုံးကလည်းလေ့ကျင့်နေပါပြီ။ ရုပ်မြင်အသံ ကြားနိုင်တဲ့ တယ်လီဗေးရှင်း၊ ဖုန်း၊ တက်ဘလတ် Screen တွေကိုကြည့်ရှုနေတတ်ပါပြီ။

🟥သုံးလအရွယ်ရင်သွေးငယ်

ကလေးကခေါင်းကိုအချိန်ကြာကြာထောင်မတ်နိုင်အောင်ကြိုးစားနေပါပြီ။ “အ အိ အု အေ အိုး ” ကဲ့သို့ အသံတွေကို ဆူညံသံသဖွယ်ပြောနေပါပြီ။ တွဲလောင်းချထားတဲ့ ရုပ်ကလေးတွေကိုလိုက်ကြည့်နေတတ်ပါပြီ။ လူကြီးတွေက ခေါ်ရင်အသံကြားရာကို ခေါင်းကလေးလှည့်ပြီးကြည့်ကာ အာရုံစိုက်တဲ့နေပါပြီ။ အနီးအဝေး အမြင် သဘော တရားတွေကိုလည်း စိတ်ဝင်စားနေတတ်ပါပြီ။

စိတ်ပျော်ရင်လည်းအော် စိတ်တိုရင်လည်းအော်တတ်နေပါပြီ။ အဲ့ဒီအရွယ် ကလေးငယ်တွေဟာ မကြာမကြာ ပြုံးပေးမယ့်လည်း မပြုံးပြချင်သူတွေကိုလုံးဝ မပြုံးပြဘဲ ခွဲခြားပြီးနေတတ်လာကြပါပြီ။ ပျော်ရွှင်အောင် စနောက်တဲ့အခါ ကလိထိုးတဲ့အခါ ဟက်ဟက်ပက်ပက်ရယ်မောတတ်လာပါပြီ။ မျက်စိရှေ့မှာ တွေ့သမျှကို လှမ်းဆွဲယူတတ်နေပါပြီ။

🟥ငါးလသားအရွယ်ရင်သွေးငယ်

ခေါင်းမတ်ပြီးနေနိုင်ပါပြီ။ လိုချင်တဲ့ပစ္စည်းတွေဆီကိုသွားယူဖို့ တာဆူနေပါပြီ။ လက်ထဲ ရောက်သမျှကိုလည်းပါးစပ်ထဲထည့်စားကြည့်ပါပြီ။ အသံရှည်ရှည်တွေထွက်ပြီး သီချင်းဆိုသလိုပြုမူနေတတ်ပါပြီ။ မျက်စိရှေ့ကိုပစ္စည်းတွေပြတာနဲ့လှမ်းဆွဲယူပါပြီ။ အရောင်အသွေးတွေကိုလည်းမှတ်မိစပြုနေပါပြီ။ အရုပ် စားစရာ တွေကို လက်ဟန်ခြေဟန်ပုံစံမျိုးစုံနဲ့ ကောက်ယူတတ်နေပါပြီ။

🟥ခြောက်လသားအရွယ်ရင်သွေးငယ်

လက်တစ်ဖက်ထဲမှာပစ္စည်းကိုနောက်ထပ်တစ်ဖက်ကိုလွှဲပို့တက်နေပါပြီ။ တခုခုကို ဆွဲပြီးထရပ်ဖို့ ကြိုးစားနေပါပြီ။နောက်မှီနဲ့ ကောင်းကောင်းထိုင်နိုင်နေပါပြီ။ ခန္ဓာကိုယ် တစ်ပတ်လှိမ့်တာတွေကျွမ်းကျင်နေပါပြီ။

လက်ဖဝါးနဲ့အရာဝတ္ထုတွေကိုဆုပ်ကိုင်တတ်ပါပြီ။ ” မေးမေ မားမား ပါးပါး ဒါးဒါး” ဆိုပြီး စခေါ်တတ်ပါပြီ။ တစ်ပေခွဲ အကွာအဝေးမှ အသံပေးလျှင် အသံလာရာကို စူးစိုက် အာရုံပေးတတ်ပါပြီ။ လူကြီးတစ်ယောက်လို အမြင်အာရုံဖွံ့ဖြိုးမှု အပြည့်အစုံရပါပြီ။ မျက်နှာစိမ်းလူစိမ်းများကို အကြည့် မ‌ဆုံရန်လည်း ရှောင်တတ်လာပါပြီ။

🟥ကိုးလ ဆယ်လသားအရွယ်ရင်သွေးငယ်

ကလေးငယ်ကလေးဘက်ထောက်တွားသွားနေတတ်ပါပြီ။ အမှီမပါပဲလည်း ထိုင်နေ တတ်ပါပြီ။ ခဲတံကိုင်သလိုလက်ဟန်အနေအထားနဲ့လည်း ပစ္စည်းတွေကို ကိုင်တွယ် တတ်ပါပြီ။ စကားပြောသံလည်း နှစ်လုံးတွဲအသံ “မားမား ပါးပါး” ပီသစပြုပါပြီ။ ပြုတ်ကျတဲ့ အရုပ်တွေကိုလည်း လိုက်ကြည့်နေတတ်ပါပြီ။ မျက်နှာစိမ်း လူကြီးတွေနဲ့ လည်း ဆက်ဆံရေးကို တည်ဆောက်တတ်ပါပြီ။

🟥တစ်နှစ်သားကလေးငယ်ဖွံ့ဖြိုးမှု

အိမ်မှာရှိတဲ့ခုံတွေ၊ ကုလားထိုင်တွေကိုမှီပြီး မတ်တပ်ရပ်ကြည့်နေပါပြီ။ အမှီမပါဘဲ တစ်စက္ကန့် နှစ်စက္ကန့်လောက်ရပ်ပြီး ပြုတ်ကျပါတယ်။ နှစ်လုံး သုံးလုံးပြောရတဲ့ စကားလုံးတွဲတွေကိုလည်း ထပ်ခါထပ်ခါပြောနေပါပြီ။ ကစားစရာများပြုတ်ကျခြင်း၊ လိမ့်သွားခြင်းတွေကိုလည်း စောင့်ကြည့်နေတတ်ပါပြီ။

ကလေးပြုစုပေးသူက အဝတ်အစားလဲမယ်ဆိုပါက ပူးပေါင်းပေးလာတတ်ပါပြီ။ ခိုင်းသမျှတွေကိုလည်း နားလည်လာပါပြီ။ လက်ဝေ့ယမ်း တာ့တာပြနှုတ်ဆက်တာတွေ တတ်မြောက်နေပါပြီ။ ဒါတွေကတစ်နှစ်သားအရွယ်မှာ တတ်မြောက်ရမယ့် ကလေးငယ် တစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တွေပဲဖြစ်ပါတယ်။

🟥တစ်နှစ်ခွဲအရွယ်ကလေးငယ်ဖွံ့ဖြိုးမှု

တစ်ယောက်တည်းလမ်းလျှောက်နိုင်ပါပြီ။အရုပ်တွေကိုပြုတ်မကျအောင်ယူနိုင်ပါပြီ။ လှေကားနံရံတန်းကိုကိုင်ပြီး အတက်အဆင်းပြုနိုင်ပါပြီ။ ခြေနှစ်ဖက်စုံခုန်နိုင်ပါပြီ။ စကားလုံး ဝေါဟာရအသစ်တွေကိုလည်း နားလည်ပြောဆိုစပြုပါပြီ။ သီချင်းတွေ ကိုလည်းကြိုက်နှစ်သက်လာတတ်ပါပြီ။ သီချင်းတွေကိုပီသမှုမရှိသော်လည်း လိုက်ဆို နေပါပြီ။

ရေခွက်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးသောက်တတ်နေပါပြီ။ အစားအစာများကို ဇွန်းအသုံး ပြုပြီးစားပါပြီ။

🟥နှစ်နှစ်ကလေးငယ်ဖွံ့ဖြိုးမှု

ပြေးလွှားနိုင်ပါပြီ။ လှေကားတစ်ထစ်ကို ခြေနှစ်လှမ်းပုံစံနဲ့ အတက်အဆင်းလုပ်နိုင်ပါပြီ။ စကားတွေမပီကလာပီကလာနဲ့ ပြောလာပါပြီ။ ကြားရသမျှကို လိုက်ပြန်ပြောပါပြီ။ စကားလုံးတွေရဲ့အဓိပ္ပာယ်ကိုလည်းနားလည်အောင်ကြိုးစားနေပါပြီ။

အရွယ်တူကလေးငယ်အချင်းချင်း အတူတူကစားဖို့ကြိုးစားပါပြီ။ နေ့ခင်းဘက်မှာလည်း ရှူးပေါက်မချတော့ဘဲ အိမ်သာမှာ ဆီးသွားတတ်ဖို့ကျင့်နေပါပြီ။

🟥သုံးနှစ်ကလေးငယ်ဖွံ့ဖြိုးမှု

လှေကားတစ်ထစ် ခြေတစ်လှမ်းပုံစံလျှောက်ပါပြီ။ ဝလုံးလေးတွေ ရေးသားဖို့ ကျင့်ယူနိုင်ပါပြီ။ “ဘာလဲ ဘာကြောင့်လဲ ဘယ်လိုခေါ်လဲ” မေးခွန်းပေါင်းများစွာ မေးတတ်လာပါပြီ။ ပုံပြင်တွေ ဇာတ်လမ်းတွေ စိတ်ဝင်စားတတ်လာပါပြီ။ စကားကို အစအဆုံးပြောနိုင်ပါပြီ။ အသက်ရွယ်တူကလေးများနဲ့ပူးပေါင်းဆော့ကစားနိုင်ပါပြီ။ မိဘတွေညွှန်ကြားထားတဲ့ အချက်အလက်တွေ အတိုင်းပူးပေါင်းဆော့ကစားတတ်ပါပြီ။ ကိုယ့်အဝတ်အစားကိုချွတ်တတ်ဖို့စောင့်ကြည့်သင်ကြားပေးလို့ရပါပြီ။

စိတ်ကူးယဉ် တတ်လာပါပြီ။ စိတ်ကူးယဉ်သူငယ်ချင်းတွေရှိနေတတ်ပါပြီ။ လိမ်ပြော တတ်လာပါပြီ။

မွေးကင်းကနေ သုံးနှစ်အရွယ်အထိ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တွေကတော့ စိတ်ဝင်စားဖွယ်ပါပဲ။ အကယ်၍များဖွံ့ဖြိုးမှုတွေနောက်ကျခဲ့ပြီဆိုပါက မိမိကလေးငယ်ရဲ့ ဘဝရှေ့ရေးအတွက် တတ်ကျွမ်း နားလည်တဲ့ကလေးအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အချိန်မလွန်မီကုသကြဖို့ လိုအပပါတယ်။

အာဏာသိမ်းမှုကြောင့် ကလေးငယ်တွေမှာစိတ်ထိခိုက်ဒဏ်ရာတွေ အများအပြား ရရှိကြပါတယ်။

ဖွံ့ဖြိုးမှုဆိုတာ နောက်ကျကျန်နေလို့မရပါဘူး။ ကလေးတိုင်းရဲ့ရပိုင်ခွင့်ဖြစ်တဲ့ အသက် အရွယ် အလိုက်ရှာရမဲ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်ဆိုတာကို ကျွန်တော်တို့ လူကြီးတွေသတိမူကြဖို့လိုအပ်ပါတယ်။

အချိန်နဲ့တပြေးညီ ပေးရမယ့် သင်ကြားရေးကို နောက်ဆုတ်လို့မရတာကြောင့် တော်လှန်ရေးဒေသမှာ ရှိနေကြတဲ့ကလေးတွေကို စာသင်ကျောင်းတွေဆီ ပို့ပေးကြပါ။ မိဘကပေးတဲ့မေတ္တာကိုအိမ်မှာရနိုင်ပေမယ့် အသက်အရွယ်တူအချင်းချင်း ဆက်ဆံ ရေးကိုတော့ ကလေးတွေရှိရာ စာသင်ကျောင်းတွေမှာသာရနိုင်ပါတယ်။

စစ်ကောင်စီဟာ လူသားတစ်ယောက်လို ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာသင် ကျောင်းသွားပြီးပညာသင်ကြားနေတဲ့ ပြည်သူ့ရင်သွေးငယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေမကြာမကြာပြုလုပ်ပါတယ်။

အဲ့ဒီလို အဖြစ်ပျက်တွေကိုသိပါလျက်နဲ့ United Nations အပါအဝင် UNICEF ကဲ့သို့အဖွဲ့အစည်းများကပါ လျစ်လျူပြုနေခဲ့ကြတာကြောင့် ကလေးငယ်တွေရဲ့ အသက်တွေဟာ ဆုံးရှုံးနေရပါတယ်။

စာသင်ကြားဖို့အတွက် အသက်အန္တရာယ်ကို ရင်ဆိုင်ပြီး ကျောင်းသွားနေရပါတယ်။

လူသားမျိုးနွယ်စုအပေါ်မှာရက်ရက်စက်စက် စစ်မက်အာဏာသုံးပြီးဖြိုခွင်းတတ်တဲ့ စစ်ကောင်စီကြောင့် အပြစ်မရှိတဲ့ကလေးငယ်တွေ သေဆုံးခဲ့ရတာကို ဒီဆောင်းပါးနဲ့ မှတ်တမ်းတင်ပါရစေ။

နောက်တစ်ပတ်မှာတော့ စိုထိုင်းဆများတဲ့ မိုးရာသီမှာဖြစ်တတ်တဲ့ မှိုရောဂါ တွေအကြောင်းဖော်ပြတင်ဆက်ပေးမှာဖြစ်တာကြောင့်စောင့်မျှော်ဖတ်ရှုအားပေးကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကလေးသူငယ်တွေရဲ့ဖွံ့ဖြိုးမှုမှတ်တိုင်များ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)