ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
အထွေထွေကုန်ဈေးနှုန်းနှင့်ချိတ်ဆက်နေသော အမေရိကန်ဒေါ်လာဈေးအပါအဝင် အခေါက်ရွှေဈေးသည် ယခုရက်ပိုင်းအတွင်းပြိုင်တူမြင့်တက်လာသည်။ အမေရိကန် ဒေါ်လာငွေလဲဈေးက ကျပ် ၅၀၀၀ နီးပါးရောက်ရှိသွားပြီး ရွှေဈေးက ကျပ် ၅၈ သိန်းအထိမြင့်တက်သွားသည်။
နိုင်ငံခြားငွေလဲဈေးနှုန်းထားနှင့် အခေါက်ရွှေဈေး ရုတ်တရက်ချက်ချင်း စံချိန်တင် မြင့်တက်မှုအပေါ် ပြည်သူများစိုးရိမ်မကင်းဖြစ်နေသည်ကို တွေ့မြင်ရသည်။
ယင်းနှင့် ဆက်စပ်နေသော စားဖိုဆောင်ကုန်စည်ဈေးနှုန်းများအပါအဝင် ဟင်းသီးဟင်း ရွက်နှင့် အသားဈေး၊ စားသောက်ကုန်ပစ္စည်းများ ဈေးများမြင့်တက်လျက်ရှိသည်အပေါ် ဝင်ငွေ တိုးလာခြင်းမရှိသည့် ပြည်သူများ ခံစားနေရသည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
ပြီးခဲ့သည့်မေလပိုင်းတွင် အမေရိကန်ဒေါ်လာဈေးနှင့် အခေါက်ရွှေဈေးများဆက်တိုက် တောက် လျှောက်ဈေးတက်လာခြင်းဖြစ်သည်။ မေ ၃၀ ရက်နေ့တွင် ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းအမြင့်ဆုံးမြင့်တက်ခဲ့ကာ အမေရိကန်တစ် ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၀၀ကျပ်နှင့် အခေါက် ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်းရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
ထို့ပြင် အမေရိကန်ဒေါ်လာအဝယ်ရှိသော်လည်း ရောင်းချမည်သူမရှိကြောင်း၊ ရွှေဈေး အမြင့်ဆုံးရောက်သဖြင့် ပြန်လည်ရောင်းချသူများရှိပြီး အဝယ်များရှိကြောင်း စုံစမ်း သိရသည်။
မေ ၂၈ ရက်နေ့ တစ်ရက်တည်းတွင်ပင် ဈေးကွက်အတွင်း ကန်ဒေါ်လာ ဈေးနှင့် ရွှေဈေး အမြင့်ဆုံးဈေးရောက်ရှိလာကာ ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ကျပ် ၄၄၀၀ နှင့် အကယ်ဒမီအခေါက် ရွှေတစ်ကျပ်သား ကျပ် ၅၅ သိန်းကျော်အထိ ရောပ်ရှိခဲ့သည်။
နိုင်ငံခြားငွေကို ထိန်ချုပ်ထားသည့် စစ်ကောင်စီ၏ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲ လှယ်ပေးသော အွန်လိုင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်အကောင့်များကို ယင်းဥပဒေဖြင့် အရေးယူထားကြောင်း မေ ၂၆ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီး လိုင်စင်မရှိဘဲရောင်းချသည့် ငွေလဲကောင်တာများနှင့် သတ်မှတ်ဈေးဖြင့်မရောင်းသည့် ငွေလဲကောင်တာများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်သည်။
ထို့ပြင်အကြောင်း အမျိုးမျိုးဖြင့်ပြည်ပသို့သွား ရောက်သူများအနေဖြင့် AD လိုင်စင်ရဘဏ်များ၏ ငွေလဲကောင်တာတွင် ဗဟိုဘဏ်သတ်မှတ်ဈေး Online Trading Rate အပေါင်း ၁၀ ကျပ်ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ်က ထမ်မံထုတ်ပြန်သည်။
ယင်းနောက် ဗဟိုဘဏ်သည် မေ ၃၁ ရက်နေ့တွင် Online Trading Platform မှတဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကို ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချပေးခဲ့ကြောင်းသိရသည်။
မေ ၁၆ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ကျပ်လျှင် ကျပ် ၄၁၆၀ ရှိရာမှ ဇွန် ၁ ရက်နေ့တွင် ကျပ် ၄၇၀၀ ရှိလာပြီး ရုတ်ရက် ကျပ် ၅၀၀၀ နီးပါးမြင့်တက်သွားသော ငွေလဲနှုန်းထားက သိသာစွာ ပြန်လည်ကျဆင်းလာခြင်း မရှိပေ။
အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ တရုတ်ယွမ်၊ ထိုင်းဘတ်ဈေး တို့လည်း မြင့်တက်ကာ မြန်မာ ကျပ်ငွေတန်ဖိုးမှာ တဖြည်းဖြည်းပိုမိုကျဆင်းလာပြီဖြစ်သည်။
တရုတ်ယွမ်ဈေးနှုန်းသည် မေ ၁၆ ရက်နေ့တွင် တစ်ယွမ်လျှင် ၅၇၆ ကျပ် ရှိရာမှာ ဇွန် ၁ ရက်နေ့တွင် ၆၁၃ ကျပ်ရှိကြောင်းဈေးကွက်အတွင်းသိရသည်။ ပြီးခဲ့သည့် မေ ၃၀ ရက်နေ့က ယွမ်ဈေးအမြင့်ဆုံးရောက်ရှိခဲ့ပြီး တစ်ယွမ်လျှင် ၆၄၁ ကျပ်အထိဈေးမြင့် တက်ခဲ့သည်။
ထိုင်းဘတ်ဈေးနှုန်းသည် မေ ၁၆ ရက်နေ့တွင် တစ်ဘတ် ၁၁၀ ကျပ်ရှိရာမှာ ဇွန် ၁ ရက်နေ့တွင် ၁၁၆ ကျပ်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်သုံးရက်အတွင်း (မေ ၃၀ ရက်နေ့)က ထိုင်းဘတ်ဈေးအမြင့်ဆုံးရောက်ရှိကာ တစ်ဘတ်လျှင် ကျပ် ၁၂၆ ကျပ်အထိဖြစ်ပေါ်ခဲ့သည်။
#ပြည်တွင်းရွှေဈေးနှုန်း
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးတက်လျှင် ပြည်တွင်းရွှေဈေးနှုန်းက လိုက်ပါ မြင့်တက်သည်။
ထိုသို့ လိုက်ပါမြင့်တက်သော်လည်း ကမ္ဘာ့ရွှေဈေးကျလျှင် ပြည်တွင်းရွှေဈေးနှုန်းက လိုက်ပါကျဆင်းခြင်းမရှိဘဲ ဈေးအမြင့်မှာပင်ရှိနေပြီး မေ ၃၀ ရက်နေ့တွင် ရက်ပိုင်း အတွင်း ရွှေဈေးကျပ် ၈ သိန်းနီးပါးဈေးမြင့်တက်သွားသည်။
ထို့နောက်ပြန်လည်ကျဆင်းကာ မေ ၁၆ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၅၀ ရှိရာမှာ ဇွန် ၁ ရက်နေ့တွင် ကျပ် ၅၂ သိန်းကျော်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ အကယ်ဒမီရွှေဈေးသတ်မှတ်ချက်တွင် တစ်ကျပ်သားလျှင် ကျပ် သိန်း ၄၁ ထိရောက်ရှိနေပြီဖြစ်သည်။
“ရွှေဈေးတက်တော့ထုတ်ရောင်းကျတယ်။ အချို့ရွှေဆိုင်တွေကပေးဝယ်တယ်။ အချို့က အရောင်းကော အဝယ်ကောပိတ်တယ်။ စိုက်ပျိုးရေးရာသီရောက်ပြီဆိုတော့ ရွှေပြန်ထုတ်လားမသိဘူး။ ငွေလိုလို့လေ။ ဒါပေမဲ့ အမြင့်ဈေးပေးပြီး ရွှေလိုလို့ပြန်ယူ တာလည်းဖြစ်နိုင်တယ်။ အခုဈေးကွက်က ဘာမှမသိနိုင်ဘူး။ လက်ကြီးသမားတွေ ကစားနေတာပဲ“ ဟု ဒေါ်လာနှင့်ရွှေဈေးအကြောင်း နားလည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို စစ်ဆေးနေကြောင်း မီဒီယာများ တွင်ဖော်ပြထားသည်။
#ပြည်တွင်းစက်သုံးဆီဈေးနှုန်း
ပြည်ပသွင်းကုန်စက်သုံးဆီဈေးနှုန်းသည် စစ်ကောင်စီထိန်းချုပ်နေသည့်ကြားကပင် တဖြည်းဖြည်းမြင့် တက်လာနေသည်။ တစ်လအတွင်း ဓာတ်ဆီနှင့် ဒီဇယ်အမျိုး အစားများထဲက တစ်လှည့်စီဈေးနှုန်း အတက်အကျဖြစ်စေအောင် ထိန်းချုပ်လျှက် ရှိသည်။
ဇွန် ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၆၆၅ ၊ ပရီမီယံဒီဇယ် ၂၃၈၀ နှင့် ဒီဇယ် ၂၃၃၀ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်းထိန်းချုပ်ထားသည်။
မေ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၄ တစ်လီတာ ၂၆၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၇၅၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၃၉၅ ကျပ် နှင့် ဒီဇယ် ၂၃၄၅ ကျပ်ဖြစ် ကြောင်းစက်သုံးဆီတင်သွင်းသို လှောင်ဖြန်းဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ထုတ်ပြန်ချက်အရသိရသည်။
“ ဒီရက်ပိုင်းစက်သုံးဆီဈေးက အရင်လလောက်ဈေးမမြင့်နေဘူး။ စက်သုံးဆီပါ ဈေးတက်ပိုဆိုးမယ်။ ဒါပေမဲ့ အခုကတော့ ကုန်သည်ကအရှုံးခံမရောင်းဘူးလေ။ ဆီပြတ်တာမျိုးမရှိပေမဲ့ ဆီကုန်ကုန်နေတာမျိုးဖြစ်တယ်။ တစ်ဆိုင်မှာ အောက်တိန်းကုန်နဲ့ တစ်ဆိုင်မှာ ဒီဇယ်ကုန်တာနဲ့ အဲဒီလိုကစားတာရှိတယ်” ရန်ကုန်မြို့ခံ ကိုယ်ပိုင် ယာဉ်မောင်းတစ်ဦးက ပြောသည်။
#အခြေခံစားသောက်ကုန်ဈေးနှုန်း
ရက်ပိုင်းအတွင်းဂရမ်မျဉ်းကြောင်းကဲ့သို့တိုးတက်သွားသော အမေရိကန်ဒေါ်လာဈေးနှင့် ရွှေဈေးမြင့် တက်မှုနောက်တွင် အထွေထွေကုန်ဈေးနှုန်းက လိုက်ပါမြင့်တက်သွားသည်။ တအိအိဈေးတက်နေသော အခြေခံစားသောက်ကုန်အပါဝင် လူသုံးကုန်၊ စားသောက် ကုန်ပစ္စည်းများက ရုတ်ချည်းမြင့်တက်သွားသည်။
သင်္ကြန်အပြီး မေလအစောပိုင်းကတည်းကတရိပ်ရိပ်တက်လာသောဈေးနှုန်းများက လကုန် ပိုင်းတွင်ပို၍ ဈေးတက်လာသည်။ မိသားစုနည်းသောနေအိမ်တွင် တစ်ပတ်စာ (၇ရက်) စားစရိတ် ကျပ်ငါးသောင်းကုန်ကျရာမှ ယခုအခါတွင် ကျပ်ခုနစ်သောင်းခန့်အထိ ကုန်ကျစရိတ်များသွားသည်။
ထိုထဲတွင် ဆန်၊ ဆီ၊ ဆားမပါ။ ဟင်းချက်ပြုတ်ရန်အတွက် သားငါးနှင့် ဟင်းသီး ဟင်းရွက်များသာပါဝင်သည်။ စားသောက်ကုန် ကော်ဖီမစ်၊ အချိုရည်၊ မုန့်ပဲသရေစာ များလည်းဈေးတက်သည်။ ကုန်စည်များ၏ဈေးနှုန်း ထက်၀က် နီးပါးမြင့်တက် နေခြင်းဖြစ်သည်။
လက်ရှိတွင် ဆန်ဈေးနှုန်းအမြင့်မှာပင်ငြိမ်နေကာ အချို့ဆန်ပွဲရုံများတွင်မူ ဈေးတက် လျက်ရှိသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေသဖြင့် ပြင်ပသွင်းကုန်ပစ္စည်းများ ဈေးဆက်လက်မြင့် တက်နေဆဲဖြစ်သည်။
“ ဆန်ဈေးငြိမ်နေတယ်။ ဆန်ကုန်သည်တွေက လည်တယ်။ ဆီနည်းနည်းတက်တယ်။ အခြားဟာတွေ အကုန်တက်တယ်။ ကျတာတစ်ခုမှမရှိဘူး။ ခရမ်းချဉ်သီးကအစ သားငါးအကုန်တက်နေတာပဲ။ ကျတာတော့ စိတ်ဓာတ်ပဲရှိတယ်” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ် ပြောသည်။
ယခုနှစ်ပတ်အတွင်း ဆန်ဈေးနှုန်းသည် ဈေးအမြင့်မှာတွင်ပင်ရှိနေပြီး ကျပ် ၅၀၀၀ မှ ၁၀၀၀ ကျပ် ကြား ဈေးအတက်၊ အကျဖြင့်ငြိမ်နေသည်။
ဆန်ချော ရွှေဘိုအိုးဝင် တစ်အိတ် ၁၇၅,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံ ၁၅၀,၀၀၀ ကျပ်၊ တောင်ပျံ ၁၄၂,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး ၁၃၆,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ် ၁၁၁၅,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၈၆၀၀ ကျပ်ရှိကြောင်း ဆန်လက်လီ လက္ကားရောင်းချသူထံက သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဆန်လက်လီဆိုင် ၅၀ တွင် ဧည့်မထဆန်တစ်ပြည်လျှင် ကျပ် ၃၀၀၀ ဖြင့်ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံက သိရသည်။
ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ်စစ်ကောင်စီ သတ်မှတ် ချက်တွင် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ယခင်တစ်ပတ် ကထက် ကျပ် ၇၀ ဈေးနှုန်းမြင့်တက်လာသည်။ မေ ၂၇ ရက်မှ ဇွန် ၂ ရက်နေ့အထိ စားအုန်းဆီးတစ်ပိဿာလျှင် ကျပ် ၅၂၇၀ ဖြစ်ကြောင်း ထုတ်ပြန်သည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ် ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချရာနေရာများတွင် ပြည်သူများ တိုကင်ဖြင့် တန်းစီး တိုးဝယ် နေရဆဲဖြစ်သည်။
“ပစ္စည်းတစ်မျိုးဝယ်ဖို့ တစ်သောင်းတန်တစ်ရွက်ပေးလိုက်ရင်ကုန်တာပဲ။ အဲ့ဒါ ဘယ်လိုလုပ်မလဲ။ ဈေးတက်တာအကုန်ပဲ။ လက်လုပ်လက်စားတွေဆို ဘယ်နေ ထိုင်ကြမလဲ မတွေးရဲဘူး။ ကိုယ်တွေတောင် မနည်းချွေတာနေတာ” ဟု ပုံမှန် ဝင်ငွေအသင့်အတင့်ရှိသော ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
စားဖိုဆောင်သီးနှံများတွင် ဟင်းသီးဟင်းရွက်များဈေးမြင့်တက်နေသည်။ ခရမ်းချဉ် သီးတစ်ပိဿာ ၅၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂၅၀၀ ကျပ် ၊ ကန်စွန်းရွက်တစ်စီး ၇၀၀ ကျပ်၊ ပြောင်းဖူးတစ်ဖူး ၁၀၀၀ ကျပ်၊ ရာသီပေါ်သီးနှံ တညင်းသီး၊ ခဝဲသီးက ကျပ် ၁၀၀၀ ဈေးတန်းမှာပင်ရှိနေသည်။ နံနံပင်နှင့် ငရုပ်သီးစိမ်းက ယခင်လို ၃၀၀ ကျပ်ဖိုးမရ၊ ၅၀၀ ကျပ်ဖိုးဝယ်ရသည်။
ထို့ပြင် ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၂၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြစ်ဖြင့် ဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
သားငါးဈေးနှုန်းများတွင် ကြက်သားဈေးနှုန်းက ယခင်ပတ်ကထက် ၂၀၀ ကျပ်ပတ်ဝန်းကျင်မြင့်တက်နေပြီး အသားစားကြက် CP တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်ထိဈေးမြင့်လာသည်။ ပုံမှန် ကြက်ဥ တစ်လုံးသည်ပင် ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ရှိပြီး အစရာရာ ဈေးတက်လျှက်ရှိနေပေသည်။
(ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့်ရန်ကုန်မြို့အတွင်းရှိဈေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် မေ ၁၆ ရက်နေ့မှ ဇွန် ၁ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်သည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #မေ၁၆မှဇွန်၁ရက် #Ayeyarwaddy_Times