ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂ ရက်

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာရှိ ဇနီးမောင်နှံ လေးဦးကို စစ်ကောင်စီထောင်တွင်းတရားရုံးက ပြီးခဲ့သောမေလ ၂၇ ရက် နှင့်၂၈ ရက်နေ့တို့တွင်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း မိသားစုဝင်များထံကသိရသည်။

စစ်ကောင်စီက ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခဲ့သည့် ဇနီးမောင်နှံ လေးဦး မှာ အုန်းပင်ကွင်းရွာ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် ဦးထွန်းပိုင် နှင့် ဇနီးဖြစ်သူ ဒေါ်လဲ့ချို ၊ ဦးကျော်ဇင် နှင့် ဇနီးဖြစ်သူ ဒေါ်စိုးယုမော် တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဦးထွန်းပိုင်နှင့်ဇနီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၃ နာရီခန့်က နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီခန့်က ကံပေါက် စျေးအတွင်းရှိ မုန့်ဟင်းခါး ဆိုင်တစ်ခုတွင် ဦးကျော်ဇင်ကို အင်အားအလုံးအရင်းဖြင့်ဖမ်းဆီးခဲ့ပြီး ဇနီးဖြစ်သူကို နေအိမ်၌ နံနက် ၁၀ နာရီခန့်တွင်ဝင်ရောက်ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီသည် ဦးထွန်းပိုင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၀) ည ၊( ၅၀၅) က တို့ဖြင့် တရားစွဲဆိုထောင်ချခြင်းဖြစ်ပြီး ဒေါ်မိုးမိုး ကို (၅၀၅) က ဖြင့် တရားစွဲဆိုခဲ့သည်။

“ဦးထွန်းပိုင် တို့ ဇနီးမောင်နှံ နှစ်ဦးကို မေလ ၂၇ ရက် နေ့က ထားဝယ်ထောင် တွင်းတရားရုံးက အမိန့်ချမှတ်လိုက်တယ်။ ဦးထွန်းပိုင် က ၁၀ နှစ် ကျတယ်။ သူ့ဇနီးက ၃ နှစ်ကျတယ်”ဟု ဦးထွန်းပိုင် ၏ မိသားစုဝင်တစ်ဦးကဧရာဝတီတိုင်းမ် ကိုပြောသည်။

ယင်းအပြင် ဦးကျော်ဇင်တို့ ဇနီး မောင်နှံနှစ်ဦးအနက် ဦးကျော်ဇင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀) ည၊ (၁၉) စ ၊ ၅၀၅ (က) နဲ့ တရားစွဲဆိုကာ ဒေါ်စိုးယုမော်ကို ၅၀၅ (က) ၊ ၅၂ (က) ဖြစ်တရားစွဲဆို၍ မေလ ၂၈ ရက်နေ့တွင် စစ်ကောင်စီထောင်တွင်းတရားရုံးက ထပ်မံ၍ ထောင်ဒဏ် ချမှတ်ခဲ့ကြောင်းသိရသည်။

“ဦးကျော်ဇင် တို့ ဇနီးမောင်နှံ ကိုတော့ မေလ ၂၈ ရက် နေ့လည် ၁ နာရီလောက်မှာ ထားဝယ်ထောင်တွင်းတရားရုံးက အမိန့်ချမှတ်လိုက်ပြီ။ ဦးကျော်ဇင်က ၁၂ နှစ် ကျတယ်။သူ့ဇနီးက ၄ နှစ်ကျသည်”ဟု ဦးကျော်ဇင်၏ မိသားစုဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးကျော်ဇင် တို့ ဇနီးမောင်နှံ နှစ်ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထောင်ချပြီးနောက် ဦးကျော်ဇင်တို့၏ နေအိမ်နှင့် မြေကွက်ကိုပါ ချိတ်ပိုက်သိမ်းဆည်းလိုက်ပြီး ၎င်းတို့ပိုင် ကားတစ်စီးကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများထံကသိရသည်။

“ဦးကျော်ဇင်တို့ ဇနီးမောင်နှံ ကို အမှုစစ်ဆေးနေတုန်းမှာပဲ သူတို့အိမ်ကိုချိတ်ပိတ်လိုက်တယ်။သူတို့ပိုင်တဲ့ ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်ကသိမ်းဆည်းသွားတယ်”ဟု အုန်းပင်ကွင်း အမှတ် (၅) ရပ်ကွက် ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဇနီးမောင်နှံ လေးဦးကို သုံးလကျော်အကြာ စစ်ဆေး၍ ရုံးချိန်း (၈) ကြိမ် မြောက်ချိန်းပြီးနောက် အခုလို အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေ လအတွင်းကလည်း ကံပေါက်ဒေသခံ CDM ပညာရေးဝန်ထမ်း လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုကာ နှစ်ရှည်ထောင်ဒဏ်များကို အသီးသီးချမှတ်ခဲ့သည်။

ပုံစာ- ထောင်ဒဏ် အသီးသီး ချမှတ်ခံရသော အုန်းပင်ကွင်းရွာရှိ ဦးထွန်းပိုင် နှင့် ဇနီး ၊ ဦးကျော်ဇင် နှင့် ဇနီး
#ကံပေါက်ဒေသ #ဇနီးမောင်နှံ၄ဦး #စစ်ကောင်စီထောင်တွင်းတရားရုံး #ထောင်ဒဏ်အသီးသီးချမှတ် #Ayeyarwaddy_Times