
ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
မိုးရာသီစိုက်ပျိုးရေးကာလအတွက်လိုအပ်သော ဓာတ်မြေဩဇာတင်သွင်းရန်အတွက် ကုမ္ပဏီများကိုလုပ်ငန်းလိုင်စင်သက်တမ်းတိုးပေးထားပြီး ဓာတ်မြေဩတင်သွင်းရာတွင် တန်ချိန် ၁ ဒသမ ၆ သန်းတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၃၁ ရက်နေ့က ပြုလုပ်သည့် ယူရီးယားမြေဩဇာဝယ်ယူ ဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ သမဝါယမဝန်ကြီး ဦးလှမိုးက ၂၀၂၄ ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် ဓာတ်မြေဩဇာတန်ချိန် ၆ ဒသမ ၇၉ သိန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၁၀၉၂၂ တန် တင်သွင်းရန်ထောက်ခံပေးပြီးဖြစ်ကာ အမှန်တကယ် သုံးစွဲမှုကြောင့် လိုအပ်ချက်ရှိပါက ထောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းရန် နှောင့်နှေးမှုများရှိပြီး လိုင်စင်သက်တမ်း တိုးပေး ထားသော ကုမ္ပဏီအလိုက် သွင်းအားစုများရောက်ရှိလာပါက အခြေအနေကို ပြန်လည်တင်ပြရန်လိုအပ်ကြောင်း ၎င်းဆိုသည်။
ယခုနှစ် မိုးစပါးရာသီအတွက် သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီ ရေးနှင့် ဈေးနှုန်းသက်သာရေးအပါဝင် အချိန်ကြာလာသည်နှင့်အမျှ ပြည်ပပေါက်ဈေး အပြောင်း အလဲရှိနိုင်သည့်အတွက် လုပ်ငန်းစဉ်များ မြန်ဆန်သွက်လက်ရန်လို အပ်ကြောင်းသိရသည်။
၂၀၂၄ ဇွန်လ၏ ဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ရာတွင် ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၇၃၀၀၀ သတ်မှတ်ထားပြီး ပြင်ပပေါက်ဈေးတွင် ကျပ် တစ်သိန်းကျော် ရှိကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#မိုးရာသီ #စိုက်ပျိုးရေးကာလ #ဓာတ်မြေဩဇာ #တင်သွင်းခွင့်ပြု #စစ်ကောင်စီ #Ayeyarwaddy_Times