နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်

“တပ်မတော်ကို ငါချစ်တယ်။ ဒါပေမဲ့ တပ်မတော်ထက် ပြည်သူကို ပိုချစ်တယ်” ဟု သမိုင်းဝင် မှတ်ချက်စကား ပြောကြားခဲ့သည့် ပြည်သူချစ်သောကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးသည် သူချစ်သည့်ပြည်သူများကို နှတ်ဆက်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းသား သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ ကာချုပ်တာဝန် ထမ်းဆောင်ခဲ့သလို ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ခဲ့ဖူးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌအဖြစ် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့သည်။

ထို့နောက် NLD ပါတီ၏ နာယကကြီးအဖြစ် ယနေ့အထိ ဆက်လက်တာဝန်ယူခဲ့သလို မြန်မာပြည်သူလူထုက ချစ်ခင်လေးစား စံထားရသော နိုင်ငံရေးသမား ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ကာ သူရဲကောင်းမှတ်တမ်းဝင် ဇေယျကျော်ထင်နှင့် သူရဘွဲ့တို့ ရရှိထားသူဖြစ်သည်။

အသက် (၉၈)နှစ်ရှိ သူရဦးတင်ဦးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရန်ကင်းနေအိမ်ရှိ ရေချိုးခန်းတွင် ချော်လဲရာမှ ဦးနှောက်သွေးကြောပိတ် လေဖြတ်​ရောဂါဝေဒနာကို ခံစားခဲ့ရပြီး ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူနေရကာ ဇွန် ၁ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။

လက်ရှိတွင် ပြည်သူချစ်သော ကာချုပ်ဟောင်း၊ NLD ပါတီ နာယကကြီး သူရဦးတင်ဦး၏ ရုပ်ကလပ်ကို အမှတ်(၃၀) ဗောဓိရိပ်သာလမ်း၊ ဗဟန်းမြို့နယ်ရှိ ၎င်းနေအိမ်၌ ထားရှိကာ လာမည့် ဇွန် ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဂူသွင်း​သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းကို ပုသိမ်မြို့နယ်၊ ဘွက်ကြီးတန်းလမ်းတွင် အဖ ဦးမောင်ကြိုင်၊ အမိ ဒေါ်မြတင်တို့မှ ၁၉၂၇ ခုနှစ်၊ မတ် ၁၂ ရက်၌ မွေးဖွားခဲ့ပြီး မွေးချင်းသုံးဦးအနက် အကြီးဆုံးသား သားဦးစနေဖြစ်ကာ မီးလိုမွှေမည်ကို နာမ်နှိမ်လို၊ ယတြာချေလိုသဖြင့် အဖွားဖြစ်သူ ဒေါ်မိုးက ဓားမကြီးထမ်း၍ မွေးကင်းစကလေး (သူရဦးတင်ဦး)အပေါ်မှ ခုနစ်ကြိမ် ခုနစ်ခါ ကျော်ခဲ့သည်ဟုလည်း သိရသည်။

ငယ်စဉ်က ပုသိမ်မြို့၊ တံတားကြီးလမ်းရှိ ဆရာမ ဒေါ်ပုလေး၏ သူငယ်တန်းကျောင်း၊ ရေကြည်မြို့အထွက်နားရှိ ဆရာကြီး ဦးထွန်းမောင်ကျောင်းနှင့် ကျောင်းကုန်းမြို့၊ ဘုန်းတော်ကြီးသင် လောကဓာတ်ကျောင်းအပြင် ပုသိမ်မြို့ မြူနီစပယ်ကျောင်းတို့တွင် စတုတ္ထတန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မြူနီစပယ်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားမှု အားနည်းသည့်အတွက် သူရဦးတင်ဦးသည် စတုတ္ထတန်း အောင်မြင်ခဲ့သော်လည်း အင်္ဂလိပ်သဒ္ဒါနှင့် ဖတ်စာများ ပြန်လည်သင်ကြားရန် ပုသိမ်မြို့၊ နိဂြောဓရုံ ဘုန်းကြီးကျောင်းဝန်းရှိ ဗဟိုအမျိုးသား အထက်တန်းကျောင်း (ယခု ပုသိမ်မြို့ အမှတ်(၂) အထက်တန်းကျောင်း) သို့ ပြောင်းရွေ့ကာ စတုတ္ထတန်း ပြန်တက်ခဲ့ရကြောင်း သိရသည်။

ထိုနှစ် ၁၉၃၇-၃၈ ခုနှစ်၌ပင် ပဉ္စမတန်းသို့ တက်ရောက်ခွင့် ရရှိခဲ့ပြီး သိပ်ကြာကြာမနေရဘဲ နှစ်ကုန်၍ စာမေးပွဲ စစ်သောအခါ ပဉ္စတန်း အောင်မြင်၍ ဆဋ္ဌမတန်း၊ ထိုမှ ၁၉၄၁ ခုနှစ်တွင် န၀မတန်း တက်ရောက်နေစဉ် ဒီဇင်ဘာလကုန်၌ ကျောင်းများအားလုံး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရကြောင်း သိရသည်။

သူရဦးတင်ဦးသည် အင်္ဂလိပ်စာ အထူးပြု သင်ကြားသည့် ယင်းဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ဆယ်တန်းအောင်သည်အထိ ပညာသင်ယူခဲ့သလို ၁၉၃၆-၃၈ ခုနှစ်၊ တနိုင်ငံလုံး ကျောင်းသားသပိတ် ဖြစ်လာချိန်တွင်လည်း ကျောင်းမှ ပြုလုပ်သော စီတန်းလှည့်လည် ဆန္ဒပြပွဲများ၌ ပင်နီလူငယ်တပ်ဖွဲ့မှ ပါဝင်လှုပ်ရှားခဲ့သည်

ထို့အပြင် ၎င်းသည် ၁၉၄၂ ခုနှစ်တွင် အထက်တန်းပညာ သင်ကြားနေစဉ်အတွင်း မိခင်ဖြစ်သူအား တဖက်တလမ်းမှ ဝင်ငွေရှာဖွေပေးခဲ့သည့်အနေဖြင့် ဂျပန်ဘာသာ သင်ယူကာ ပုသိမ်မြို့ရှိ ဂျပန်အုပ်ချုပ်ရေးရုံး၌ နှစ်လခန့် ဂျပန်စကားပြန် လုပ်ကိုင်ခဲ့ကြောင်း ဖိုးစိုင်း (ဂျာနယ်လစ်) ရေးသားသည့် ပြည်သူချစ်သော ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး စာအုပ်အရ သိရသည်။

“ပြည်သူ့မျက်နှာ တစ်ခုတည်းသာ ကြည့်ပြီး လူထုတိုက်ပွဲတွေမှာ ရှေ့ဆုံးကနေမားမားမတ်မတ် ရပ်တည်ခဲ့သူ၊ စိတ်ထားကောင်းပြီး ရိုးသားဖြောင့်မတ် တည်ကြည်သူ၊ စစ်သည်တော် ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို မြဲမြံလိုက်နာ စောင့်စည်းထိန်းသိမ်းခဲ့သူ “ပြည်သူချစ်သော ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး” ဘဘကောင်းရာ သုဂတိလားပါစေ” ဟု ကိုဖိုးစိုင်း (ဂျာနယ်လစ်)က ဆိုသည်။

သူရဦးတင်ဦးသည် ပင်ကိုယ်အမျိုးသားရေးစိတ်ကြောင့် စကားပြန်အလုပ်ကို ဆက်မလုပ်တော့ဘဲ ကိုရင် (သာမဏေ) ဝတ်ကာ ထိုမှတဆင့် လူထွက်၍ ၁၉၄၃ ခုနှစ်၊ အသက် (၁၆)နှစ်ပြည့်ချိန်တွင် စစ်ထဲဝင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်း) ရှိ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) ၌ တပ်သားအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။

ထို့နောက် အသက် (၁၇)နှစ်တွင် မင်္ဂလာဒုံ BDA စစ်တက္ကသိုလ် တတိယပတ် စစ်သင်တန်းသို့ ဗိုလ်လောင်းအဖြစ် တက်ခွင့်ရ၍ အလုပ်သင်ဗိုလ် ဖြစ်လာခဲ့သလို ၁၉၄၆ ခုနှစ်တွင် ကန္ဒီစာချုပ်အရ တပ်မတော် အသစ်ပြန်လည် ဖွဲ့စည်းသည့်အခါ သူရဦးတင်ဦးသည် (ကြည်း/၃၆၅၁) ဒုဗိုလ်အဆင့် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခံရသည်။

ယင်းအပြင် သူရဦးတင်ဦးသည် ဗမာ့သေနတ်ကိုင် တပ်ရင်း(၁)၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဒုဗိုလ်အဖြစ်လည်းကောင်း၊ ၁၉၄၉ ခုနှစ် ဇွန် ၂၂ ရက်တွင် တပ်ခွဲမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင်လည်း လက်နက်ကိုင်တပ်များ လေ့ကျင့်ညွှန်ကြားရေးမှူးရုံး၌ ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ရှမ်းပြည်နယ်၌ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင်ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ ၁၉၆၀-၆၁ ခုနှစ်တွင် အမှတ် ၁၃ တပ်မဟာမှူး ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ၁၉၆၂ ခုနှစ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၆၇ ခုနှစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အဖြစ်လည်းကောင်း အသီးသီးတာဝန် ထမ်းဆောင်ခဲ့သည်။

သူရဦးတင်ဦးသည် ၁၉၇၆ ခုနှစ်၊ မတ်လတွင်မူ ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှစ၍ စစ်တပ်၏ ဖမ်းဆီးထောင်ချခြင်းနှင့် အိမ်အကျယ်ချုပ် ချမှတ်ခြင်းတို့ကို ခံခဲ့ရကာ ထိုကာလက “တပ်မတော်ကို ငါချစ်တယ်၊ ဒါပေမယ့် တပ်မတော်ထက် ပြည်သူကို ပိုချစ်တယ်” ဟု လျှို့ဝှက်စစ်ခုံရုံး၏ စစ်တပ်အရာရှိများကို ပြောခဲ့ကြောင်း သိရသည်။

#စစ်အာဏာရှင်ကိုတော်လှန်ခဲ့သည့် #ဧရာ၀တီတိုင်းသား #ကာချုပ်ဟောင်း #သူရဦးတင်ဦး #Ayeyarwaddy_Times