
နိုရာ/ဧရာ၀တီတိုင်းမ်
ဇွန် ၁ ရက်
မနီးမဝေးနေရာတစ်ခုဆီက သံချောင်းခေါက်သံကိုကြားရတော့ သူတစ်ချက်တုန်သွား တယ်။ ပြီးတော့နံရံမှာရှိတဲ့ အနက်ရောင်နာရီဆီကိုအကြည့်ရောက်တယ်။ တချက်ချက် လှုပ်ရှားနေတဲ့ နာရီလက်တံတွေက မွန်းလွဲ ၃ နာရီအတိကိုပြနေတယ်။ သူအခု ထိုင်နေတဲ့နေရာကနေ လမ်းမကိုမြင်ရတဲ့နေရာဆီကို သူရွှေ့ထိုင်လိုက်တယ်။
သိပ်မကြာခင် လမ်းပေါ်မှာ အဖြူအစိမ်းဝတ်နဲ့ သူ့သူငယ်ချင်းတွေကိုမြင်ရတော့မယ်။ ခုနကကြားရတဲ့ သံချောင်းခေါက်သံဟာ ကျောင်းဆင်းခေါင်းလောင်းခေါက်သံပေါ့။ အဲဒီ့အသံကြားရင် သူဟာပြုမူနေကျအတိုင်း နံရံကနာရီကိုကြည့်မယ်။ လမ်းမကိုမြင်ရမယ့် တံခါးပေါက်နားသွားထိုင်မယ်။ လမ်းမကိုငေးမယ်။ အဲဒီ့အတိုင်း နေ့စဥ်နီးပါးလုပ်နေတာ နှစ်နှစ်ပြည့်ခဲ့ပြီပေါ့။
သူဆိုတာ အသက် ၁၀ နှစ်ရှိပြီဖြစ်ပေမယ့် သူငယ်တန်းသာ တက်ဖူးသေးတဲ့ မောင်နေသန့်ပါ။ မောင်နေသန့်ဟာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ကာလကတည်းက စာသင်ခန်းနဲ့ အလှမ်းကွာခဲ့ပြီး စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အစိုးရ ပညာရေးကို CDM လုပ်ခဲ့သူ ကျောင်းသားလေးတစ်ယောက်ပေါ့။
ကျောင်းဆရာမ တစ်ယောက်ဖြစ်တဲ့ မောင်နေသန့်ရဲ့ အမေနဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ မောင်နေသန့်ရဲ့ အဖေတို့ဟာလည်း မောင်နေသန့်နည်းတူ သူတို့သက်ဆိုင်ရာ အစိုးရ လုပ်ငန်းခွင်တွေက CDM လုပ်ခဲ့ကြသူတွေပါ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ဖြစ်စဉ်ရဲ့ နောက်ပိုင်းမှာတော့ အခြေခံပညာ ကျောင်းသား ကျောင်းသူတွေအပြင် အဆင့်မြင့်ပညာသင်ကြားနေကြသူအချို့ပါ အစိုးရ ပညာရေးကို ကျောခိုင်းခဲ့ကြပါတယ်။ အဲ့ဒီသူတွေထဲမှာ သူငယ်တန်းသာ တက်ခဲ့ဖူးတဲ့ မောင်နေသန့်လည်း အပါအဝင်ပါ။
မြန်မာနိုင်ငံအတွင်းမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအဟန့်အတားဖြစ်ခဲ့ရတဲ့ မူလတန်းအရွယ်ကလေးပေါင်းဟာ ၁၈ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ၂၀၁၉ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ save the childrenရဲ့ စစ်တမ်းများအရ သိရပါတယ်။
မောင်နေသန့်ဟာ အခု တဖန် ဇွန်လရဲ့ မိုးစက်သံတွေကြားကနေ သူဟာ ကျောင်းတက် ခေါင်းလောင်းသံနဲ့ ကျောင်းဆင်းခေါင်းလောင်းသံတွေကိုနားစိုက်ဖို့ ပြင်ရဦးမှာပါ။ ဒါပေမယ့် ကျောင်းဆိုတာသူနဲ့တော့ အလှမ်းဝေးနေဆဲ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခတွေကြောင့် မူလတန်းအရွယ်ကလေး သုံးယောက်မှာ တစ်ယောက်ဟာ ကျောင်းမနေရဘဲ ပညာရေးအတားအဆီးနဲ့ကြုံနေရတယ်လို့ စစ်တမ်း များအရ သိရပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျောင်းကို ပြန်သွားတဲ့ ကျောင်းသားစာရင်းထဲ မောင်နေသန့် မပါခဲ့ပါဘူး။ သူနဲ့အတူ ကျောင်းမတက်ဘဲ တောင့်ခံနေခဲ့တဲ့ သူငယ်ချင်းတချို့ဟာ အာဏာသိမ်းပြီး နှစ်နှစ်မြောက် ကျောင်းဖွင့်ချိန်မှာ စာသင်ကျောင်းတွေဆီ ပြန်ရောက်သွားကြပါပြီ။
မောင်နေသန့်ကတော့ အစိုးရပညာရေးကို ကျောခိုင်းနေဆဲ ကျောင်းသားတွေထဲမှာတော့ ဆက်လက်ပါဝင်နေဆဲပါပဲ။
မောင်နေသန့်ကို သူငယ်ချင်းတွေက “ကျောင်းမတက်ဘူးလား” လို့ ဝိုင်းမေးချိန်မှာ သူ့မှာဖြေစရာ မရှိပါဘူး။ ဒါကြောင့် သူဟာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရမှာလည်း စိုးရွံ့လာပါတယ်။
“သားကအပြင်ထွက် ကစားတာမျိုးလည်း မလုပ်တော့ဘူး။ သူငယ်ချင်းတွေ လာခေါ် ရင်လည်း မလိုက်တော့ဘူး။ မေးတာတွေလည်းသိပ်မဖြေဘူး။ ကျွန်မအထင်တော့ သူ့ကိုကျောင်းမနေဘူးလားမေးတာကိုမခံစားနိုင်ဘူးထင်ပါတယ်။ တစ်ခါတော့ အဲလိုထုတ် ပြောတယ်။ ကျောင်းမနေဘူးလားမေးရင် ဘယ်လိုပြန်ဖြေရမလဲတဲ့” လို့ မောင်နေသန့်ရဲ့ အမေကပြောပါတယ်။
မောင်နေသန့်ဟာ အိမ်မှာပဲ အမေဖြစ်သူရဲ့ စာသင်ကြားမှုကို ခံယူနေပေမယ့် ကျောင်းစာတွေအပေါ်မှာ အာရုံ စိုက်နိုင်မှုလည်းအားနည်းလာပြီး ငိုင်ငိုင်တွေတွေ ပိုနေ တတ်လာတယ်လို့ မောင်နေသန့်အမေကပြောပြပါတယ်။
“စာလည်းလိုက်သင်ယူမှု အားနည်းလာတယ်၊ အာရုံမစိုက်နိုင်ဘူး။ အရင်က အရုပ်လို ချင်တာမျိုး တစ်ခုခုစားချင်တာမျိုးဆို ထုတ်ပြောတယ်။ အခု ဘာမှမတောင်းဆိုတော့ဘူး” လို့ မောင်နေသန့်အမေက ဆိုပါတယ်။
ကိုဗစ်ကာလအပြီးမှာတော့ မြန်မာနိုင်ငံက ကျောင်းနေအရွယ်ကလေး ၁၂သန်းရဲ့ ပညာရေးဟာ ရပ်တန့်သွားခဲ့ရတယ်လို့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEFက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကချင်၊ စစ်ကိုင်း၊ ကရင်နီနဲ့ ရခိုင်ပြည်နယ်ထဲက ကလေးအများစုဟာလည်း ကျောင်းပညာရေးနဲ့ ဝေးနေတာပဲဖြစ် ပါတယ်။
အဲဒီလို စစ်ပွဲပြင်းထန်နေတဲ့နေရာတွေက စာသင်ခန်းကို မရောက်နိုင်တဲ့ ကလေးများ ရှိသလို မောင်နေသန့်လို ရန်ကုန်မြို့ကြီးမှာနေပြီး ကျောင်းစာသင်ခန်းမှာ စာသင်ကြားမှုနဲ့ ဝေးကွာနေရတဲ့ ကလေးများလည်းရှိပါတယ်။
ရန်ကုန်မြို့လိုမြို့ကြီးတစ်ခုမှာ စစ်ကောင်စီစာသင်ကျောင်းနဲ့ တခြား ကိုယ်ပိုင် အထက်တန်းကျောင်းတွေ၊ International School တွေမှာ ကလေးတိုင်းနီးပါးဟာ ပြန်လည် စာသင်ကြားနေကြပြီဖြစ်ပေမယ့် အဲဒီ့ စာသင်ကြား နေတဲ့ကလေးငယ်တွေထဲ မောင်နေသန့်ကတော့ မပါခဲ့ပါဘူး။
အဲ့ဒီ့အပေါ်မှာလည်း မောင်နေသန့်ဟာ ငြင်းဆန်မှုမရှိသလို ကျောင်းစာသင်ခန်းဆီ ပြန်သွားဖို့မပြောခဲ့ပါဘူး။
ဒါပေမယ့် မောင်နေသန့်ဟာ ကျောင်းတက်၊ ကျောင်းဆင်းခေါင်းလောင်းသံတွေကို လန့်နေတက်ပြီး ကျောင်းသွား၊ကျောင်းပြန် ကျောင်းသားတွေကို ချောင်းပြီး စောင့်ကြည့်တတ်နေပါတယ်။
ကျောင်းကိုပြန်ရောက်သွားကြတဲ့ ကစားဖော်တွေကိုလည်းရှောင်ဖယ်လာပြီး သီးခြားနေ တတ်လာပါတယ်။ ကလေးသဘာဝ ဆော့ကစားတာနဲ့ တီတီတာတာ ပြောဆိုတာတွေလည်း မလုပ်တော့ဘဲ အေးစက် စက်ပြုမူတာမျိုးတွေဖြစ်လာပါတယ်။
“ကလေးတွေမှာလည်း စိတ်ဒဏ်ရာ ရစေနိုင်တဲ့အကြောင်းအချက်တွေရှိတယ်။ များသောအားဖြင့်ပညာရေးနဲ့ ပတ်သက်ပါတယ်။ ဒီကာလမှာတော့ပညာရေးနဲ့ ပတ်သက်ပြီး ခံစားနေကြရတာ ပိုများနိုင်ပါတယ်” လို့ ကလေးစိတ်ကျန်းမာရေးကို လေ့လာနေသူတစ်ဦးကဆိုပါတယ်။
လူတစ်ဦးတစ်ယောက်အနေနှင့် စိတ်ဒဏ်ရာ ခံစားရစေနိုင်တဲ့ အကြောင်း ပျမ်းမျှသတ်မှတ်ထားချက် ၂၄ ချက်ရှိပြီး အဲဒီ့ထဲကမှမောင်နေသန့်ကို စိတ်ဒဏ်ရာ ဖြစ်စေနိုင် တာကတော့လူအများနှင့်ကင်းကွာအောင်ဖိအားပေးခံရခြင်း ၊ ဖိအားပေးပြီး ကျောင်းတက်ခွင့်ပိတ်ပင်ခံရခြင်းတွေနဲ့ သက်ဆိုင်နေတယ်လို့ ကလေးစိတ်ပညာကို လေ့လာနေသူက ဆိုပါတယ်။
“ကလေးက ကျောင်းတက်၊ ကျောင်းဆင်း ခေါင်းလောင်းသံတွေကြားရင် တုန်နေ အောင်လန့်တာက ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်တာပေါ့နော်။ စကားမပြောတော့တာ၊ ပတ်ဝန်းကျင်ကိုရှောင်ဖယ်လာတာ၊ သူအဓိကခံစားနေရတဲ့ အကြောင်းနဲ့ ပတ်သက်နေတဲ့ ရပ်ဝန်းကနေရှောင်ဖယ်လာတာ၊ မျိုသိပ်လာတာတွေဟာ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်ချက် တွေပေါ့နော်” ဟု ကလေးစိတ်ပညာကို လေ့လာနေသူက ပြောပါတယ်။
ဒီလိုစိတ်ဒဏ်ရာတွေရှိလာတဲ့အပေါ် မောင်နေသန့်ရဲ့ အမေက ကလေးကို သူ့အသက်အရွယ်နဲ့ဆိုင်ရာ အတန်းမှာ ထားလို့ရနိုင်မယ့် ပုဂ္ဂလိက ကျောင်းမျိုးမှာ ထားပြီး ကလေးရဲ့ ပညာရေးကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ထူထောင်လာအောင် ပြုလုပ်ဖို့ စီစဉ်နေပြီလို့ ပြောပါတယ်။
ဒါပေမယ့် အသက်အရွယ်နဲ့ အတန်းနဲ့ မမျှတမှုဟာလည်း ကလေးတွေအတွက် နောက်ထပ် စိတ်ဒဏ်ရာရစေနိုင် တဲ့ အခြေအနေတစ်ခုဖြစ်တာမို့ မိဘများအနေနဲ့ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုသလို ဆရာ၊ ဆရာမ တွေကလည်း နားလည်ပေးဖို့ လိုတယ်လို့ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။
ကျောင်းနားလိုက်ရပြီးမှ ကျောင်းပြန်နေစဉ်မှာ သူ့အသက်အရွယ်နဲ့ ကွာခြားတဲ့ အတန်းမှာ တက်နေရလို့ စိတ်ဒဏ်ရာရနိုင်တဲ့ အခြေအနေဖြစ်နေရတဲ့နောက်ထပ် ကလေးငယ် တစ်ဦးက မောင်ကျော်သူရပါ။
သူကတော့ အသက် ၁၁ နှစ်အရွယ်ရှိနေပြီး ပထမတန်းမှာ သူ့ထက် ၅နှစ်လောက်ငယ်တဲ့ ကလေးတွေနဲ့ ကျောင်းတက်ခဲ့ရသူ ပါ။
အတန်းထဲမှာ သူဟာ အသက်အကြီးဆုံးဖြစ်နေပြီး ကလေးတွေနဲ့ ကျောင်းသင်ခန်း စာလှုပ်ရှားမှုတွေမှာ လိုက်ပါသင်ယူမှု မရှိတဲ့အပြင် သူငယ်ချင်းအပေါင်းအဖော် လည်းမထားဘဲ တစ်ဦးတည်းသာနေတတ်လေ့ရှိတယ်လို့ သိရပါတယ်။
“သားက သူကျောင်းဆက်မတက်ချင်ဘူးလို့ပြောပါတယ်။ ကလေးတွေသင်တာတွေ သူမသင်ချင်ဘူးတဲ့။ ကျောင်းသွားဖို့ ပြင်ရတိုင်း သူလည်းငို၊ ကျွန်မလည်းငိုနဲ့ အတော်လေး ရင်ဆိုင်ရပါတယ်။ သူ့ကျောင်းကလည်း ကျွန်မကိုခေါ်တွေ့ပြီး ကလေးကို ဂရုစိုက်ဖို့ အိမ်မှာ စာပြန်သင်ကြားဖို့ ခေါ်ညှိနှိုင်းပါတယ်။ သူပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ကျွန်မတဖြည်းဖြည်းတော့ လုပ်ပေးနေပါတယ်။ တယ်လီကျန်းမာ အွန်လိုင်းစာမျက်နှာ မှာလည်း သွားရောက်တိုင်ပင်နေပါတယ်” လို့ မောင်ကျော်သူရရဲ့ အမေကပြောပါတယ်။
စိတ်ဒဏ်ရာတွေဟာ ဖြစ်ရပ်ခြင်းတူပေမယ့် ခံစားရတဲ့အခြေအနေ အတိမ်အနက် မတူတဲ့အတွက် တစ်ဦးစီကို စိတ်ဒဏ်ရာကနေ သက်သာအောင် လုပ်ဆောင်ပေးတဲ့ နေရာမှာလည်း ကွဲပြားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ Counsellor ကိုငယ်ကပြောပါတယ်။
“အတန်းနဲ့ အသက်အရွယ် အင်မတန်ကွာဟနေတာမျိုးက စစ်ကောင်စီကျောင်းတွေမှာ အများဆုံးဖြစ်တာပေါ့နော်။ ဘာလို့ဆိုတော့ KG တန်းနဲ့နားလိုက်ရတဲ့ကလေးဟာ အထောက်အထား အောင်မြင်ကြောင်း လက်မှတ်စာရွက် မပြနိုင်ရင် သူဟာ အသက် ၁၀နှစ်ဖြစ်စေ၊ ၁၁နှစ်ဖြစ်နေပါစေ KG မှာပဲ ဆက်လက်ပညာသင်ယူရမှာပဲဖြစ်ပါတယ်။ အဲဒီလို အသက်ကြီးပြီး အတန်းငယ်မှာ နေရတဲ့ကလေးတွေကိုတော့ ဂရုစိုက် စောင့်ကြည့်ရတာတွေရှိတယ်။ သူတို့က အတန်းငယ်ကလေးတွေနဲ့ သဟဇာတဖြစ်ဖို့ သူကိုယ်တိုင်က ကလေးဆိုတော့ အတော်ရုန်းကန် ကြိုးစားရပါတယ်။ ကျွန်မတို့က အထူး စောင့်ကြည့်ပေးရတာမျိုးတွေရှိပါတယ်” ဟု လက်ရှိ အခြေခံပညာကျောင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာမသီက ပြောပါတယ်။
စိတ်ဒဏ်ရာ အနာတရတွေကို ကလေးတစ်ဦးချင်းစီကို အုပ်ထိန်းသူမိဘနဲ့ သေချာစောင့်ကြည့်ပြီး တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာကုသဖို့ လိုမယ်လို့ တယ်လီကျန်းမာက အသိပေးထားပြီး တယ်လီကျန်းမာရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာလည်း သွားရောက်တိုင်ပင် ရင်ဖွင့်လို့ ရတယ်လို့လည်း ဆိုပါတယ်။
စိတ်ဒဏ်ရာတွေကို အဓိက သက်သာရာရစေတာကတော့ self care လို့ခေါ်တဲ့ မိမိကိုယ်ကို ဂရုစိုက်ခြင်းပါပဲ။ ကလေးတွေမှာတော့ မိဘက ထိန်းကျောင်းနေရတဲ့အတွက် Self Careလုပ်ဖို့ကို မိဘက ကူညီမှပဲ ရနိုင်မှာပါ။
“တစ်ကိုယ်ရည် သန်ရှင်းရေးလုပ်ဖို့၊ အားကစားတစ်ခုခုလုပ်ဖို့တိုက်တွန်းရမယ်။ ယုံကြည်ချက်ထားတတ်ဖို့၊ မျှော်လင့်ချက်ထားတတ်ဖို့လည်း လေ့ကျင်ယူပေး ရပါမယ်။ပြီးတော့ သူတို့ကို ချီးမွမ်းပေးရသလို သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် ချီးမွမ်းတတ်အောင်လုပ်ပေးရမယ်။ မိဘကိုယ်တိုင်က ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြသပေးမှ ကလေးတွေကလည်းအလေ့အကျင့်ဖြစ်မယ်ပေါ့။ဒာမျိုးလေးတွေနဲ့ ကလေးတွေရနေတဲ့ စိတ်ဒဏ်ရာတွေကို ဖေးမပေးလို့ရပါတယ်” ဟု ကလေးစိတ်ပညာကို လေ့လာနေသူ တစ်ဦးက ဆိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဂရုစိုက်မှု၊ လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ ဂရုစိုက်မှု၊ သက်ဝင်ယုံကြည်မှုပိုင်းဆိုင်ရာ ဂရုစိုက်မှုတွေနဲ့လည်း စိတ်ဒဏ်ရာတွေကို သက်သာအောင် ပြုလုပ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။
မောင်နေသန့်တို့လို ကျောင်းမနေရတဲ့ကလေးငယ်တွေနဲ့ မောင်ကျော်သူရတို့လို အသက်နဲ့အတန်းကွာဟပြီး ပတ်ဝနးကျင်နဲ့ သဟဇာတဖြစ်အောင်ရုန်းကန်နေရတဲ့ ကလေးတွေဟာ တော်လှန်ရေးပြင်းထန်နေတဲ့ ဒေသမှာရော၊ တော်လှန်ရေးလှုပ်ရှားမှု နည်းတဲ့ မြို့ကြီးတွေမှာပါ ရှိနေဆဲပါ။
သူတို့ကိုယ်စီမှာ ရရှိနေတဲ့ စိတ်ဒဏ်ရာတွေဟာလည်း ဖြစ်ရပ်ခြင်းတူပေမယ့် ခံစားရပုံခြင်း မတူတာကြောင့် ဖြေရှင်းပုံနည်းလမ်းတွေလည်းမတူကြပါဘူး။ စစ်အာဏာသိမ်းမှု ဖြစ်စဉ် မပြီးဆုံးသရွေ့တော့ ဒီလို အခြေအနေတွေကြုံနေရဦးမှာဖြစ်ပြီး ဖြေရှင်းဖို့နည်းလမ်းတွေကို စဉ်းစားကြရတော့မှာ ဖြစ်ပါတယ်။
#ကျောင်းခေါင်းလောင်းသံတွေနဲ့ဝေးရာဆီ #သတင်းဆောင်းပါး #Ayeyarwaddy_Times