ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇွန် ၁ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဘဏ်များတွင် အပ်နှံထားသည့် ငွေများကို ထုတ်ယူကာ မြို့စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသူ များပြားနေကြောင်း ဒေသခံများထံက သိရသည်။

ဖလမ်းမြို့တွင် မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်နေသောကြောင့် ပြည်သူများသည် ၎င်းတို့ အပ်နှံထားသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် KBZ ဘဏ်များတွင် ငွေကြေးထုတ်ယူပြီး တခြားဒေသသို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“တီးတိန်းနဲ့ တွန်းဇံမြို့တွေလို ဖြစ်မှာကို ဒေသခံတွေက ကြောက်ကြလို့ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်တယ်။ ပြီးတော့ ဖလမ်းမြို့သိမ်း တိုက်ပွဲတွေ လာတော့မယ်ဆိုပြီး ကောလဟာလတွေ ထွက်နေတယ်။ ဒါကြောင့်ဒေသခံတွေက ဘာမှမဖြစ်ခင် ကြိုတင်ရှောင်ကြတဲ့ သဘောပါ။ “ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့တွင် မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်သောကြောင့် စျေးဟောင်းရပ်ကွက်ရှိ လူနေအိမ်အချို့ မီးလောင် ပျက်စီးခဲ့သည်။

အလားတူ မေလ ၃၀ ရက်နေ့ ည ၈ နာရီခန့်ကလည်း ဖလမ်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြိုင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများသည် ဖလမ်းမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေပြီး နေ့စဥ် ဘဏ်ရှေ့တွင် တန်းစီးကာ ငွေများ ထုတ်ယူ၍ ထွက်ပြေးတိမ်းရှောင်သူ များပြားနေခြင်းဖြစ်သည်။

“အခု ရက်ပိုင်း ဘဏ်မှာ ငွေလာထုတ်တဲ့ လူတွေ အရမ်းများလာလို့ တန်းစီနေရတယ်။ မြို့ထဲမှာလည်း သတင်းအမျိုးမျိုး ကြားနေရလို့ လူတွေကလည်း သူတို့ရဲ့ ငွေတွေထုတ်ပြီး ထွက်ပြေးကုန်ပါပြီ။ အခုလောဆယ်တော့ မြို့ထဲမှာတော့ ဘာမှတော့မဖြစ်သေးဘူး။ ငြိမ်နေသေးပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက တစ်ခါတစ်လေ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်တက်တယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့နှင့် အနီးနားဝန်းကျင်ရှိ ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ထွက်ပေါ်နေသည့် ကောလာဟလ သတင်းများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုလုပ်ကြဘဲ မိမိနေအိမ်တွင် နေထိုင်ကြရန် ဖလမ်းလူမှုရေးအသင်းက ယမန်နေ့ မေလ (၃၁) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#ဖလမ်းမြို့ရှိ #ဘဏ်များတွင် #အပ်နှံထားသည့်ငွေများကို #ထုတ်ယူမှုများပြား #Ayeyarwaddy_Times