ဧရာဝတီတိုင်းမ်
ဇွန် ၁ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာရှိ ဒေသခံပြည်သူများကို စစ်ကောင်စီက ဖမ်းဆီး၍ အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ALPတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က ဆတ်ရိုးကျရပ်ကွက် ဗျိုင်းဖြူရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာအတွင်းရှိ ပြည်သူများကို ခေါ်ထုတ်ကာ လက်ပြန်ကြိုးတုတ်နေလှန်းပြီး ဒေသခံပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ရွာထဲကလူတွေကို အကုန်ဖမ်းပြီး အမျိုးသားတွေကို လက်ပြန် ကြိုးတုပ် နေလှန်းထား တာ။ ဖမ်းခံရတဲ့အထဲ နို့စို့အရွယ်ကလေးကအစ ပါတယ်။ ကလေးနဲ့ မိန်းမတွေကို စာသင် ကျောင်းထဲ ထည့်ပိတ်ပြီး အစားစာလည်းမကျွေးဘူး။ ပြီးတော့ ဖမ်းထားတဲ့အထဲက ၄၀ လောက်ကို ထုနှက်ပစ်ခတ် သတ်ဖြတ်လိုက်တယ်။ နောက်ထပ်တချို့ကိုလည်း ခလရ ၂၀ ထဲကို စစ်သုံးကားတွေနဲ့ ဖမ်းခေါ်သွားသေး တယ်။ ဒီနေ့ထိ ရွာထဲကလူတွေကိုလည်း ပိတ်ထားသလို ရွာထဲကိုလည်း ဝင်ခွင့်မပေးဘူး။ တချို့ထွက် ပြေးလာတဲ့သူတွေ ဝင်္ကဘာကွင်းထဲမှာ စုနေကြတယ် ပြောတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးလာသည့် ရွာသားများကို စစ်ကောင်စီက ရွာ စာသင်ကျောင်း၊ သင်္ချိုင်းနှင့် ရွာအဝင်လမ်းမတို့တွင် လက်ပြန်ကြိုးတုတ် နေပူထဲလှန်းထားပြီး သေနတ်ဒင်များဖြင့် ထုနှက်သတ်ဖြတ်ခဲ့သလို အချို့ကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကို စစ်တွေမြို့ပေါ်ရှိ ဒေသခံများက ပြောကြားခဲ့သလို ရခိုင်ပြည်နယ်အခြေစိုက် ဒေသတွင်းမီဒီယာများတွင်လည်း သေဆုံးခဲ့သူများ၏ အမည်စာရင်းနှင့် တကွဖော်ပြထားသည်။

စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်၍ သေဆုံးခဲ့သူများတွင် အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး သုံး ဦးပါဝင်ပြီး အသက် ၁၅ နှစ်မှ ၇၀ ကြားရှိသူများဖြစ်ကာ သေဆုံးသွားသည့် ရုပ်အလောင်းများကို မီးရှို့အလောင်းဖျောက်၍ အချို့ရုပ်အလောင်းများကိုလည်း ခလရ ၂၀ ဘက်သို့ ကားဖြင့်သယ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဆတ်ရိုးကျရပ်ကွက် ဗျိုင်းဖြူရွာရှိ အမျိုးသမီးအချို့နှင့် အမျိုးသားများကို ဝင်္ကဘာကွင်းအတွင်းသို့ မောင်းထုတ်ထားပြီး ကျေးရွာအတွင်းသို့ ဝင်ခွင့်မပေးကြောင်း သိရသည်။

ရခိုင်ရှိ တကျော့ပြန်စစ်ပွဲ ၆ လတာကာလအတွင်း စစ် ကောင်စှ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ ၂၆၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၆၄၀ ဦး အထိရှိခဲ့ကာ စစ်တွေမြို့အတွင်း သေဆုံးသူ ၂၀ ရှိသည်ဟု HDCO က ထုတ်ပြန်ထားသည်။

အဆိုပါ စာရင်းသည် မေလ ၁၃ ရက်နေ့အထိ ကောက်ခံရရှိသည့် စာရင်းသာဖြစ်ပြီး ယခုဗျိုင်းဖြူရွာတွင် သတ်ဖြတ်မှုဖြစ်စဉ် မပါရှိသေးပေ။

#စစ်တွေမြို့နယ် #ဗျိုင်းဖြူရွာ #ဒေသခံများကို #စစ်ကောင်စီတပ်ဖမ်းဆီး #ပြည်သူ၄၀ကျော် #အစုလိုက်အပြုံလိုက်သတ်ဖြတ် #Ayeyarwaddy_Times