
ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ ဇွန် ၁ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ညွှန်စိုးကို ယမန်နေ့ မေ ၃၁ ရက်နေ့၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးညွှန်စိုးမှာ ၎င်းအုပ်ချုပ်သည့် ကျေးရွာအုပ်စုရှိ လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မလူစုဆောင်းမှုများ ပြုလုပ်နေသည့်အတွက် ကြို့ပင်ဝိုင်းရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။
“စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မစုဆောင်းတာပါ။ ပုံစံမျိုး အမျိုးမျိုးခြိမ်းခြောက်ပြီး စုဆောင်းနေတာ။ သူ့ကြောင့် အတင်းအဓမ္မ စုဆောင်းခံလိုက်ရတဲ့လူငယ်တွေရှိပါတယ် ငါး ဦးထက်မနည်းရှိတယ်လို့ သိရတယ်” (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူးညွှန်စိုးမှာ လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓ္မလူစုဆောင်း ခြင်းများ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းကို စစ်ကောင်စီထံပေးပို့ခြင်း လုပ်ဆောင်ခဲ့ပြီး ၎င်း၏သတင်းပေးပို့မှုကြောင့် ဖမ်းဆီးခံရသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များလည်း ရှိကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်း၊ တပ်ခွဲ-၁ နှင့် (ဆောင်းခိုငှက်)ပေါက်ခေါင်းမြို့နယ် ပကဖ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး များကို အရေးယူရမည့် သူများအဖြစ် အဓိကထားလာပြီ ဖြစ်သည့်အတွက် ကျန်ရှိနေသည့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ အနေဖြင့် အမြန်ဆုံး နုတ်ထွက်ကြရန်လည်း သတိပေးထားသည်။
ဓာတ်ပုံ – ပေးပို့
#ပေါက်ခေါင်း #အုပ်ချုပ်ရေးမှူးသတ်ခံရ #စစ်မှုထမ်း #လူသစ်စုဆောင်း #PDF #Ayeyarwaddy_Times