
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့ ဝင်လာသည့်ချိန်တိုင်း စစ်မှုထမ်းစာရင်းပါသူလူငယ်များ ထွက်ပြေးနေရကြောင်း ဒေသခံများထံကသိရသည်။
ထွက်ပြေးတိမ်းရှောင်နေကြရသည့် လူငယ်များမှာ ရွှေတောင်ကျွန်းအုပ်စု၊ ရွှေတောင်ကျွန်းကျေးရွာ၊ အိုးဘိုလေး၊ ကြာအင်းကွင်းကျေးရွာ၊ သင်မျှောင် စသည့်ကျေးရွာများက အသက်ပြည့်ပြီးဖြစ်သည့် လူငယ်များဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အမြဲတမ်းတော့မပြေးရဘူး၊ သူတို့ရွာတွေထဲ ဝင်လာပြီဆိုတာနဲ့ လူငယ်တွေ ပြေးရတာ၊ ဟိုဘက်ရွာတော့ ဒီကောင်တွေရောက်နေပြီလို့ သတင်းကြားတာနဲ့ အနီးနားက လူငယ်တွေ အကုန်ရှောင်နေကြရတာပါ။ အရပ်၀တ်နဲ့ရော စစ်၀တ်စားနဲ့ရော အုပ်ကြီးလဲပါတယ်”ဟု ရွှေတောင်ကျွန်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မေလ ၃၀ ရက်နေ့တွင်လည်း စစ်မူမထမ်းဆောင်လိုဘဲ ထွက်တိမ်းရှောင်နေသည့်လူငယ်များ၏ မိသားစုဝင်များကို ခံဝန်လက်မှတ်ထိုးရန်အတွက်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုက ခေါ်ယူခဲ့ကြောင်းဒေသခံများကပြောဆိုသည်။
ထို့ပြင် စစ်မှုထမ်း လူငယ် ၁၀ ဦး ထပ်မံ မဲပေါက်သည်ဟုဆိုကာ ခေါ်ယူရန် ရွှေတောင်ကျွန်းကျေးရွာတွင် အစည်းအဝေးပြုလုပ်နေစဥ်အတွင်း ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက စစ်မှုထမ်း ၁၀ဦး၏ အမည်စာရင်းများမသိရှိရ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် စကားများရန်ဖြစ်ကြကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ဒုတိယအတွင်းကလည်း သာပေါင်းမြို့နယ် ၊ ရွှေတောင်ကျွန်းအုပ်စုရှိ ရွှေတောင်ကျွန်းကျေးရွာ၊ ရွှေသင်မျှောင်ရွာ၊ အိုးဘိုလေးရွာနှင့် ကြာအင်းကွင်းရွာတို့မှ လူငယ်များသည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းဆောင်ရန် ဆန္ဒမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်သွားကြပါသေးသည်။
စစ်မှုထမ်းဆောင်ရန် မဲစာရင်းနံပါတ် ထည့်သွင်းကြသူများမှာ ရွှေတောင်ကျွန်းအုပ်စုရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးရွှေမန်း (ခ)ဦးထွန်းအောင် နှင့် အုပ်စုစာရေး ကိုအောင်ပိုင်စိုး တို့ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင်လည်း စစ်မှုထမ်းအကြောင်းပြကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို ခြိမ်းခြောက်ကာ ငွေတောင်းယူမှုများနှင့် စစ်မှုထမ်းဆန့်ကျင်သူများကိုပါ ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံ ဒေသအနှံ့အပြား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများက်ို အပတ်စဥ် ၁၊ အပတ်စဥ်၂ အပတ်စဥ် ၃တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစု စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
ယခုအပတ်စဉ် (၂) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ လက်ရှိအချိန်ထိ စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်လျှက်ရှိကြောင်းသိရသည်။
စစ်မှုထမ်းသင်တန်းအပတ်စဥ် တစ်သုတ်လျှင် ၁၂ ပတ်အကြာ စစ်သင်တန်းပေးမည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံကသိရှိရပြီး လက်ရှိ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အတွက် သင်တန်းသားများ ရောက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြလျှက်ရှိသည်။
ဓာတ်ပုံ-ဖိအားပေးခြိမ်းခြောက်ကာ စစ်မှုထမ်းရန် စုဆောင်းခံထားရသည့် လူငယ်များ
#သာပေါင်းမြို့ #ကျေးရွာများ #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ဝင်လာသည့်ချိန်တိုင်း #စစ်မှုထမ်းစာရင်းပါ #လူငယ်များထွက်ပြေး #တိမ်းရှောင်နေရ
#Ayeyarwaddy_Times