
ဧရာဝတီတိုင်းမ်
မေ ၃၁ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့ အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦး အပါအဝင် အကျဉ်းသား ၉၈ ဦးကို ကယ်ထုတ်၍ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော် (AA)သည် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင်တပ်ရင်း၊ တပ်စခန်းအားလုံးအား မေ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီတွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့ကို AA မှ တိုက်ခိုက်နေစဉ် မေ ၁၆ရက်နေ့တွင် ဘူးသီးတောင် အကျဉ်းထောင်အတွင်း ပိတ်မိနေသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစရှိသော ရာဇဝတ်မှုအသီးသီးကျူးလွန်ထားသည့် အကျဉ်းသား စုစုပေါင်း ၉၈ ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်လာနိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။
အဆိုပါ အကျဉ်းသား ၉၈ ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက် ကောက်ယူ စိစစ်၍ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေးထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေး ခဲ့ကြောင်း AA က ဆိုထားသည်။
စစ်ကောင်စီသည် နိုင်ငံရေးအရ ခုတုံးလုပ်ကာ မတရားသဖြင့် ဖမ်းဆီးထောင်ချ ထားသူများတွင် နိုင်ငံရေးအကျဉ်းသား ၃၁ ဦး ပါရှိပြီး ၎င်းတို့ကို မိသားစုဝင်များနှင့် ဆက်သွယ်ပေး၍ မိသားစုဝင်များထံ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအချို့ကိုလည်း မေ ၂၆ ရက်နေတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းကပေါ့ အကျဉ်းသားတွေကို မိသားစုတွေဆီပြန်ပို့ပေးနေတာ။ ထောင်ကို AA က ထိန်းသိမ်းထားပြီး နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုလက်ထဲ ပြန်ထည့်ပေးလိုက်တယ်လို့ သိထားပါတယ်။ ထုတ်ပြန်ချက်တွေထွက်လာရင် ပိုပြီးပြည့်ပြည့်စုံစုံ သိရမှာပါ” ဟု နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြပြီဖြစ်သည့်အပြင် AAမှ ဆက်လက်ကူညီ ထောက်ပံ့လျက် ရှိကြောင်းသိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) သည် စစ်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဥပဒေအရ လူသားဆန်စွာ ကယ်ဆယ်ကူညီပေးလျက်ရှိသည့်အပြင် ယခုကဲ့သို့ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံနေကြရသည့် အကျဉ်းသားများစွာ တို့ကိုလည်း တိုက်ပွဲများကြားမှ ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့သည့် ဖြစ်ရပ်များရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ မဖြစ်ပွားမီကပင် စစ်ကောင်စီသည် ဘူးသီးတောင်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားအချို့ကိုမူ ချန်လှပ်ထားခဲ့သည်။
စစ်ကောင်စီသည် အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဘူးသီးတောင်အကျဉ်းထောင်မှတစ်ဆင့် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၃) သို့ ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့ပြီးနောက် ဘူးသီးတောင်မြို့တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည့်တိုင် နိုင်ငံရေးအကျဉ်းသားများကို တိုက်ပွဲကင်းလွတ်ရာသို့ ပြောင်းရွေ့ခြင်းအား ပြုလုပ်ရမည့်အစား လျစ်လျူရှုခဲ့သည်ဟု AAကဆိုသည်။
အသက်ရှင်ကျန်ရစ်ခဲ့ပြီး AAက ကယ်ထုတ်ပေးထားသော အကျဉ်းသားများသည် ၎င်းတို့ကျုးလွန်ခဲ့သည့် ပြစ်မှုများနှင့် ကျခံထားပြီး ပြစ်ဒဏ်ကို ပြန်လည်စိစစ်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
ပုံစာ- ဘူးသီးတောင်အကျဥ်းထောင်မှ ကယ်ထုတ်လာသည့် အကျဥ်းသားများကို AAက ကူညီပေးနေ စဥ်
#ဘူးသီးတောင် #စစ်ကောင်စီ #အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #AAကယ်ထုတ် #Ayeyarwaddy_Times