ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

မိုးရာသီကာလဟု သတ်မှတ်ထားသော အနောက်တောင်မုတ်သုံလေသည် မေ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ မေ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အနောက်တောင်မုတ်သုံလေသည် မေ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်း‌ဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်းပိုင်း၊ မေ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများနှင့် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ မေ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း‌ဒေသများနှင့် ဘင်္ဂလားပင်လယ်အော် ရှေ့မြောက်ပိုင်းတို့ကိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုအခါတွင် မြန်မာနိုင်ငံတဝန်းလုံးတွင် အနောက်တောင်မုတ်သုံ လေစတင်ရောက် နေပြီ ဖြစ်ကြောင်း မိုး/ဇလ ထံက သိရသည်။

လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေမြင့် တက်မှုကြောင့် ကချင်ပြည်ရှိ အချို့များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး တောင်ကျ ချောင်းရေများကြောင့် စစ်ကိုင်းတိုင်း၊ လဟယ်မြို့တွင် လမ်းမကြီး၊ နေအိမ်များ ပျက်စီးကာ လူသေဆုံးသည့်အထိဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးရာသီကာလရောက်ရှိလာပြီဖြစ်၍ အပူဒဏ်လျော့ကျလာပြီဖြစ်သော်လည်း တောင်ကျ ရေအန္တရာယ်၊မြေမြိုခြင်း၊ မြစ်ရေတက်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းအန္တရာယ် စသည့် သဘာ၀ဘေး အန္တရာယ် များကိုသတိထားရမည်ဖြစ်ကြောင်း မိုလေဝသဘာသာရပ်ကို လေ့လာနေသူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက အသိပေးထားသည်။

ထို့ပြင် မိုးရာသီကာလတွင်ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော ၊ အစာအဆိပ်သင့်ခြင်း နှင့် ကူးစက်ရောဂါ စသည်တို့ကိုလည်း သတိထားရမည်ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်များက ဆိုထားသည်။

ဓာတ်ပုံ – မိုးဇလ၊ ကချင်ပြည်နယ်ရေကြီးမှု၊ လဟယ်မြို့ တောင်ကျရေကြောင့် နေအိမ်များပျက်စီး (လူမှုကွန်ရက်)

#မိုးရာသီစတင် #monsoonseason #မြစ်ရေကြီး #သတိပြုရန် #Ayeyarwaddy_Times