ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊သြဂုတ်လ ၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဧကနိရွာက အသက် ၄၀ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးမှာ သြဂုတ်လ ၄ ရက်နေ့က အချိန်မှီ ဆေးကုသခွင့်မရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ (၄)ရက် မနက်ပိုင်းတွင် အသက် (၄၀) ဝန်းကျင်ခန့်ရှိသူ ဦးနိုင်လွင်မှာ ၎င်း၏ ဥယျာဥ်ခြံအတွင်းစစ်ဘေးရှောင်ရင်း ကျန်းမာရေးမကောင်းဖြစ်လို့အချိန်မှီဆေးကုသခွင့်မရရှိသဖြင့် ဆုံးပါးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“အဆိုပါအမျိုးသားက၎င်း၏ခြံထဲမှာ ဆုံးသွားတာ မနေ့ကမှ သိလိုက်ရတယ် ဆေးကုဖို့ကလည်း အချိန်မမှီတော့ဘူး။ စစ်ဘေးရှောင်စခန်းမှာလည်း ဆေးဝါးလုံလုံလောက်လောက်မရှိဘူး” ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းကလည်း ရေဖြူမြို့နယ်က အသက် ၁၁ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး အချိန်မီ ဆေးကုသခွင့်မရသဖြင့် နေ့လည်ပိုင်းတွင် သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဧကနိရွာ၊ခမောင်းချောင်းရွာ၊ဝက်ချောင်းရွာ၊ရငဲရွာ၊ပုဂေါဇွန်းရွာ၊ဝဇွမ်းတောရွာတို့မှ ဒေသခံပြည်သူ ၁၀၀၀ ဝန်းကျင်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ဝန်းကျင်မှာ လက်ရှိမိုးတွင်းကာလအတွင်း ဆေးဝါး၊ စားနပ်ရိက္ခာ နှင့် မိုးကာများလိုအပ်လျှက်ရှိနေကြောင်း စစ်ဘေးရှောင်ပြည်သူများ၏ ပြောဆိုချက်များအရ သိရသည်။