ဧရာဝတီတိုင်းမ်
မေ ၃၁ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာရှိ ဒေသခံပြည်သူများကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူလေးဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၉ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့နယ် ဗျိုင်းဖြူရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားခုနစ်စီးဖြင့်ရောက်ရှိလာပြီး ပြည်သူ ၃၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကားတွေနဲ့ရောက်လာပြီး တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက်စစ်ပြီး အမျိုးသားရော အမျိုးသမီးရော ၁၃နှစ်၊ ၁၄နှစ်အရွယ် ကလေးတွေကိုပါ အိမ်ပြင်ထွက် ဒူးထောက် ခိုင်းပြီး ဖမ်းခေါ်သွားတယ်။ ၃၀ကျော်လောက်ရှိမယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသားများကို လက်ပြန်ကြိုးတုတ်ကာ နေပူလှမ်း ထားပြီး အမျိုးသမီးနှင့် ကလေးများကို စာသင်ကျောင်းတစ်ခုအတွင်း ပိတ်လှောင် ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးလာသူများကို စစ်ကောင်စီက ရိုက်နှက်စစ်ဆေးပြီးနောက် ဦးကုလားမောင်၊ ဦးကျော်သိန်း၊ ဦးကျော်လှ၊ ဦးကျော်ဝင်းတို့ကို ခလရ ၂၀အတွင်းသို့ ခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၉ရက်နေ့မနက်ပိုင်းအချိန်က ဗျိုင်းဖြူရွာအနီး ကျေးတော (ပိုက်စိပ်) ဘက်တွင် စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာနှင့် ပစ်ခတ်ခံရပြီးနောက် နေ့လယ်ပိုင်း တွင် စစ်ကောင်စီက ဗျိုင်းဖြူရွာအတွင်းဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လူတွေဖမ်းသွားပြီးတော့ ညပိုင်းမှာ ရွာထဲ မီးလောင်တယ်ပြောတယ်။ ကျွန်တော်တို့ လည်း သွားမကြည့်ရဲတော့ ရှို့တာလား၊ လောင်မီးလား မကွဲပြားဘူး။ သူတို့စစ်သား တစ်ယောက်သေလို့ ရွာကိုအကြမ်းဖက်တာလို့တော့သိထားပါတယ်” ဟု စစ်တွေ ဒေသခံကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများကို ပြန်လည်လွှတ်ပေးခြင်း မရှိ သေးဘဲ အဆက်အသွယ်တစ်စုံတစ်ရာလည်း ရရှိခြင်း မရှိကြောင်း သိရသည်။

#စစ်တွေ #ဆတ်ရိုးကျ #ဗျိုင်းဖြူ #စစ်ကောင်စီ #အကြမ်းဖက်ဖမ်းဆီး #ပြည်သူလေးဦးသေဆုံး #Ayeyarwaddy_Times