
အယိုက်လင်း/ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီ၏ ကင်းဂိတ်တစ်ခုတွင် ကင်းသွားချိန်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ သေနတ် တစ်လက် သိမ်းဆည်းရမိကြောင်း Chin Defense Force – Asho တာဝန်ခံထံက သိရှိရသည်။
ယမန်နေ့ မေလ ၃၀ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာရှိ စစ်ကောင်စီ၏ ကပစ (၁၄) ကင်းဂိတ် တစ်ခုတွင် ကင်းသွားချိန်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို CDF(အရှို)မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဂိတ်ကင်း သွားချိန်းကြတဲ့ စစ်သား နှစ်ယောက်ကို ကျွန်တော်တို့က လမ်းတစ်ဝက်မှာ စောင့်ကြိုပြီး ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှု မဖြစ်ခင် ကျွန်တော်တို့က လက်နက်ချဖို့ ပြောတယ်။ လက်နက်မချဘဲ သေနတ်မောင်းတင်တော့ ကျွန်တော်တို့က မလွဲမရှောင်သာလို့ ပစ်ခတ်လိုက်တာပါ။ တစ်ယောက်တော့ သေသွားပြီး နောက်တစ်ယောက်တော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။”ဟု CDF- Asho တာဝန်ခံ ဆလိုင်းရိုးချင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA-1 အမျိုးအစား သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနှင့် ကျည်ဆန် အတောင့် ၂၀ သိမ်းဆည်းရမိကြောင်း သိရှိရသည်။
အဆိုပါ စစ်ကောင်စီ၏ ကပစ (၁၄) ကင်းဂိတ်သည် ငဖဲမြို့နယ် တောင်ပေါ်ကျေးရွာများတွင် ဈေးဝယ်ယူခွင့် ကန့်သတ်ခြင်း၊ ဂိတ်ကိုဖြတ်သန်းရာတွင် အကြောင်းမဲ့ငွေကြေးကောက်ခံခြင်း၊ အကျင့်ပျက်ရိုင်းပြမှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
#ငဖဲမြို့နယ် #ကင်းချိန်း #စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦး #တိုက်ခိုက်ခံရ #တစ်ဦးသေဆုံး #သေနတ်တစ်လက် သိမ်းဆည်းရမိ #Ayeyarwaddy_Times