ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

စစ်ကောင်စီဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ မေ ၃၀ ရက်နေ့ကတွေ့ဆုံရာတွင် မြန်မာ့စီးပွားရေးဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံကအပြုဆောင်ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုသည် မေလအတွင်းနှစ်ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး မေလအစောပိုင်း ၇ ရက်နေ့ကလည်း တရုတ်သံအမတ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့သေးသည်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ အပြုသဘောဆက်လက်ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာပူပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများဆွေးနွေးကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် မြန်မာ – တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်မှုဆိုင်ရာ စီမံကိန်းများဆက်လက် အကောင် အထည်ဖော်ရေး၊ အွန်လိုင်းလိမ်လည်မှုဂိုဏ်များပပျောက်ရေး၊ နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပိုမိုမြှင့်တင်နိုင်ရန်တို့လည်း ပါဝင်ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာ – တရုတ်ကုန်သွယ်ရေးလုပ်ငန်းများရပ်တန့်နေကာ တရုတ်ကုန်ပစ္စည်းများဈေးမြင့်နေပြီး နှစ်နိုင်ငံငွေကြေးဈေးနှုန်းတွင် ကျပ်ငွေတန်ဖိုးကျနေရာ ကျပ်တစ်သိန်းလျှင် ၁၅၈ ယွမ် ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai သည်ဧပြီ ၁၁ ရက်နေ့တွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ဖြင့်တွေ့ဆုံခဲ့သည်။

ထို့ပြင် ဧပြီ ၅ ရက်နေ့ကလည်း ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်ဘက်ဆိုင်ရာခေါင်းဆောင်ဟောင်းများနှင့်လည်းတွေ့ဆုံထားသည်။

ဓာတ်ပုံ – MOFA
#မြန်မာ့စီးပွားရေး #တရုတ်ကူညီမည် #နိုင်ငံခြားရေးဝန်ကြီး #တရုတ်သံအမတ်တွေ့ဆုံ
#Ayeyarwaddy_Times