နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသည်နှင့်အမျှ ၎င်းလက်အောက်ခံ တိုင်းစစ်ဌာနချုပ်နယ်မြေ ရှစ် ခုကို အသေခံ တိုက်ခိုင်းသည့် သဘောမျိုး သက်ရောက်စေသော တန်းပြည့် စစ်မှုထမ်းနေကြသူများအဖြစ် သတ်မှတ်ကြောင်း အမိန့်ထုတ်ပြန်လာသည်။

စစ်ခေါင်းဆောင်သည် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်းအပါအဝင် စစ်ဌာနချုပ်နယ်မြေ ရှစ် ခုရှိ စစ်သား၊ နယ်ခြားစောင့်၊ ရဲ စသည်တို့ကို ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေ ပုဒ်မ (၈) အရ တန်းပြည့် စစ်မှုထမ်းနေကြသူများအဖြစ် သတ်မှတ်ကြောင်း ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး၍ ယခုမေလအတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“စစ်တပ်မှာတော့ ဒီလိုအမိန့် ထုတ်လေ့ထုတ်ထ မရှိဘူး။ အခုတစ်ခေါက် ထုတ်တာကတော့ သူတို့ရဲ့ တပ်တွေကို Alarm လုပ်တဲ့ သဘောလဲပါမယ်။ နောက်ပြီးတော့ သူတို့ရဲ့ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်မဌာနချုပ်တွေ ဝင်တိုက်တာ မခံရဖို့အတွက်လည်း ပါမယ်။ ဒါက သီးခြားအကြောင်းအရာပါ။ အဓိကကတော့ သူတို့ဆီက စစ်သားတွေကို အသေခံတိုက်ခိုင်းတဲ့ သဘောတရားပါပဲ” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်တွင် သာမန် စစ်မှုထမ်းချိန်နှင့် တန်းပြည့် စစ်မှုထမ်းချိန်ဟူ၍ နှစ်မျိုးရှိပြီး တန်းပြည့် စစ်မှုထမ်းချိန်ဆိုလျှင် စစ်ဆင်ရေးအထူး နေ့တွက်စရိတ် ခံစားခွင့်ရှိသလို လက်နက်ချခြင်း၊ စစ်စခန်း စွန့်ခွာခြင်းတို့ ပြုလုပ်ပါက ပြစ်ဒဏ်နှစ်ဆ သေဒဏ်၊ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်း CDM အရာရှိများထံက သိရသည်။

ယခင်က တန်းပြည့် စစ်မှုထမ်းချိန်နှင့် ပတ်သက်၍ ရခိုင်ဖြစ်စဉ်တွင် တစ်ကြိမ် ထုတ်ဖူးခဲ့သော်လည်း တိုင်းမှူးအဆင့်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ပြီး ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ထုတ်ပြန်ခြင်းမရှိကာ တပ်ချုပ်ကြီးကိုယ်တိုင် ထုတ်သည်ဆိုသော အသိမျိုး ရိုက်ထည့်ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“တန်းပြည့် စစ်မှုထမ်းချိန် ဖြစ်သွားပြီဆိုတော့ ဘယ်မှသွားလို့ မရတော့ဘူး။ တာဝန်ကျ နေရာကနေ စစ်စခန်း စွန့်ခွါလို့လဲ မရဘူး။ တခြား ခွင့်သဘောမျိုးပေါ့နော်။ အဲ့ဒါတွေနဲ့လဲ ပြန်လို့မရတော့ဘူး။ ဇာတ်လမ်းကပြီးသွားပြီ။ သူတို့လုံးဝ Battle ဆိုင်ထားရတဲ့ အနေအထားမျိုး သဘောသက်ရောက်အောင် ဒီအမိန့်ကို ထုတ်လိုက်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေတွင် တန်းပြည့် စစ်မှုထမ်းချိန်၌ စစ်စခန်း တွင်ဖြစ်စေ၊ စစ်ချီနေသည့်အခါဖြစ်စေ တပ်မတော်၏ အစိတ်အပိုင်း တစ်ခုခုက တာဝန်ပေးခြင်းခံရသူများ၊ အမှုထမ်းရွက်နေသူများ၊ နောက်လိုက်နောက်ပါ ဖြစ်ကြသူ များနှင့် လိုက်ပါလာကြသူများကို ပုဒ်မ (၃)၊ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်များနှင့်အညီ တန်းပြည့် စစ်မှုထမ်းနေကြသူများအဖြစ် သတ်မှတ်သည်ဟု ဆိုသည်။

“လက်ရှိစစ်တပ်ဟာ သူတို့ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ အရမ်းသိသာတယ်။ အဓိကတော့ သူတို့အနေနဲ့ တိုက်လိုခိုက်လိုစိတ် မရှိတဲ့အပေါ် အကြောက်တရားနဲ့ ပြန်ပြီးတော့ ထိန်းချုပ်တဲ့ ပုံစံသဘောတရားလဲ ပါမယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ဆိုသည်။

ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#စစ်ခေါင်းဆောင် #တိုင်းစစ်ဌာနချုပ်နယ်မြေ၈ခု #အသေခံတိုက်ခိုင်း #အမိန့်ထုတ် #Ayeyarwaddy_Times