အယိုက်လင်း/ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂)ရှိ ချပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုလုပ်သည့်အတွက် အရပ်သား ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ချပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ယနေ့ မေလ ၃၁ ရက်နေ့ နံနက် ၁ နာရီအစောပိုင်းက စစ်ကောင်စီ၏ တံတားဦး လေတပ်မှ ရဟတ်ယာဥ် နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး လေးလုံးခန့် လာရောက် ဗုံးကြဲ တိုက်ခိုက်သွားခြင်းဖြစ်သည်။
“ဒီမနက် အစောပိုင်း ရွာသားတွေ အိပ်မောကျနေတဲ့ချိန် ရဟတ်ယာဥ် နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီးတွေလာကြဲသွားတယ်။ ဗုံးသီး ပေါက်ကွဲသံက အရမ်းကျယ်တယ်။ အရပ်သား ငါးယောက်လောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ ရွာဘက်မှာ ဘာတိုက်ပွဲမှ မရှိဘူး။ မှား ကြဲတာလား၊ ရည်ရွယ်ချက်ရှိရှိနဲ့ လာကြဲသွားတာလား မပြောတက်ဘူး။”ဟု မင်းတပ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့နယ် တိုက်နယ် (၂) ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ မကြာခဏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားများသည် ၎င်းတို့ ကျေးရွာတွင်း မနေရဲတော့ဘဲ တောင်ယာ၊ ဥယာဉ်ခြံများအတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။
“တိုက်နယ် (၂) ဘက်မှာ လေကြောင်း ခဏခဏ တိုက်ခိုက်ခံရတယ်။ အရပ်သား ထိခိုက်မှုကလည်း အမြဲရှိနေတော့ ရွာသားတွေက ညဘက်ဆို အိမ်ထဲမှာ မနေရဲတော့ဘူး။ ဗုံးခိုကျင်းတွေမှာ အိပ်နေရတယ်။ တချို့တွေက တောင်ယာ၊ ဝဥစိုက်ခင်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြတယ်” ဟု ဝမ္မသူးကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလကလည်း မင်းတပ်မြို့နယ် လေကြောင်း တိုက်ခိုက်မှုတွင် ဒေသခံ ငါးဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ တိုက်နယ် (၂) ဘက်ရှိ ကျေးရွာများတွင် လေကြောင်း တိုက်ခိုက်မှု အကြိမ် (၂၀) ထက်မနည်းပြုလုပ်ခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်(မင်းတပ်)၏ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိ မင်းတပ်မြို့ပေါ်ရှိ ပြည်သူများသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် မြို့စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သူ များပြားနေကြောင်းနှင့်စီးပွားရေး အဆင်ပြေသည့် ဒေသခံများကို စစ်ကောင်စီက မြို့တွင်းမှ ထွက်ပြေးတိမ်းရှောင်ခွင့် မပြုကြောင်း သိရသည်။
#မင်းတပ်မြို့နယ် #စစ်ကောင်စီ #လေကြောင်း တိုက်ခိုက်မှုကြောင့် #အရပ်သား၅ဦး #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times