ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

အသက်မပြည့် သေးသည့် ကလေးသူငယ်များကို ထိန်းသိမ်းရာ လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်များရှိ အမျိုးသမီးငယ်များမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် နေထိုင် စားသာက်ရေး အဆင်မပြေမှုများကို ခံစားနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံကသိရသည်။

စစ်ကောင်စီသည် အမျိုးသမီးလူငယ်ထိန်းသိမ်းရေးကျောင်းများရှိ မိန်းကလေးငယ်များ နေထိုင်ရာ အခန်း၊ ရေချိုးခန်း၊ အိမ်သာ စသည့်နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ အပြစ်ပေး အရေးယူရာတွင် ဝတ်ဆင်ထားသည့် အဝတ်အစားများ အကုန်ချွတ်၍ အပြစ်ပေးခြင်းများကို ပြုလုပ် နေကြောင်း သိရသည်။

ထို့ပြင် ထောင်တွင်း စစ်ဆေးချိန်များတွင် ထောင်ဝန်ထမ်းအမျိုးသမီးများ၏ ယောကျာ်း လေးဆွေမျိုးနှင့် သူငယ်ချင်းများပါ ဝင်ရောက်စစ်‌ဆေးမှုများကြောင့်ည့် မိန်းကလေးငယ် များ အနေဖြင့် ရေချိုးချိန်များ၊ အိမ်သာသွားချိန်များတွင် စိတ်မလုံခြုံမှုများ ရင်ဆိုင်နေရကြောင်းလည်း PPNM ထံက သိရသည်။

“လူငယ်ထိန်းသိမ်းရေးကျောင်းလို့ပြောပေမဲ့ စီမံအုပ်ချုပ်မှုအားလုံးက ထောင်တွေမှာ ကျင့်သုံးတဲ့ အုပ်ချုပ်တဲ့နည်းစနစ်အတိုင်းပဲသွားနေတာကိုတွေ့ရတယ်။ အဲ့ဒီမှာ အမျိုးသမီးငယ်တွေ ရင်ဆိုင်နေရတာက သူတို့မိခင်ရဲ့ရင်ခွင်မှာရှိနေရမယ့်အရွယ်မှာ မိဘအုပ်ထိန်းမှုအောက်မှာရှိနေရမယ့်အရွယ်တွေက မိဘနဲ့ဝေးကွာတဲ့ သင်တန်းကျောင်း အမည်ခံထားတဲ့ ကလေးသူငယ်အကျဉ်းထောင်တွေမှာ နေထိုင်ကြရတယ်။ သူတို့ ပျိုဖော်ဝင်ကာစအရွယ်တွေမှာ မိဘကအနားမှာမရှိတဲ့အခါမျိုးမှာ သူတို့တွေအတွက် ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေရင်ဆိုင်ကြရတယ်” ဟု PPNMအဖွဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကိုရန်ကုန်ရှိ ဗဟန်းအမျိုးသမီး ထိန်းသိမ်းရေးသင်တန်းကျောင်း နှင့် ကော့မှူးအမျိုးသမီးသင်တန်းကျောင်း၊ မန္တလေးရှိ ပုသိမ်ကြီးအမျိုးသမီးလူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

“ပိုပြီးဆိုးဝါးတာက အမျိုးသမီးငယ်တွေ နေထိုင်ရတဲ့အခန်းတွေ ရေချိုးရတဲ့နေရာတွေ အိမ်သာသွားရတဲ့နေရာ‌တွေမှာ မျက်နှာချင်းဆိုင်မှာရှိတဲ့ CCTV တွေက အမြဲ မှတ်တမ်း ယူနေဝာာဖြစ်တဲ့အတွက် သူတို့ရဲ့စိတ်ထဲမှာ စိူးရိမ်စိတ်တွေ ရှက်ရွံ့စိတ်တွေ ရှိနေတယ်။ ဒီရဲ့ CCTV မှတ်တမ်းတွေက အကြောင်းအမျိုးမျိူးကြောင့် အပြင်ဘက်ကို ပေါက်ကြား သွားတဲ့အခါ သူတို့ရဲ့ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ ထိခိုက်မှုတွေများစွာ ဖြစ်ပေါ်နိုင်တယ်” ဟု ကို သိုက်ထွန်းဦးက ဆက်လက် ပြောသည်။

ထို့ပြင် ကျောင်းအတွင်းလုပ်ငန်းဟု အကြောင်းပြကာ နိုင်ကျဉ်းအမျိုးသမီးငယ်များကို ထင်းခွဲခိုင်းခြင်းနှင့် မြက်ပေါက်ခိုင်းခြင်းများကိုပါ လုပ်ဆောင်းခိုင်းပြီး လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံနေရ ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှု အကြောင်းပြချက်ဖြင့် လူငယ်ထိန်းသိမ်း ရေးစခန်းများတွင် အကျဉ်းကျခံနေရသည့် အမျိုးသမီးငယ် ခြောက်ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

#လူငယ်ထိန်းသိမ်းရေးစခန်း #အမျိုးသမီး #လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကြုံတွေ့နေရ #စစ်ကောင်စီ #Ayeyarwaddy_Times