
ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် အိမ်တွင်းလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ် ရာ၌ တက်ရောက်မည့်သူမရှိ၍ မြို့နယ်စစ်ကောင်စီ ဝန်ထမ်းမိသားစုဝင်များကို အစားထိုးတက်ရောက်စေခိုင်းခဲ့ကြောင်း သတင်းရရှိသည်။
ဖျာပုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းတို့မှ ပြီးခဲ့သည့်မေလ ၂၇ရက်မှဇွန်လ၂၇ရက်နေ့အထိ တလကြာအိမ်တွင်းလူသုံးကုန်ထုတ်လုပ်လုပ်မှုလုပ်ငန်းသင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သင်တန်းတွင် မြို့ခံသင်တန်းသား ၃၀ ဦးထက်မနည်းခေါ်ယူခဲ့သော်လည်း တက်ရောက်သူ မရှိ၍ မြို့နယ်စစ်ကောင်စီရုံးမိသားစုဝင်များကို စာဖြင့်အကြောင်းကြားကာအစားထိုးတက်ရောက်ခိုင်းခဲ့ကြောင်း သင်တန်းသားများထံက သိရသည်။
“ အိမ်တွင်းလူသုံးကုန်ထုတ်လုပ်ငန်းသင်တန်းဖွင့်တာ တက်မဲ့သူ တစ်ယောက်မှမရှိဘူး။ အဲ့တာနဲ့ ခရိုင်ထွေအုပ်ရုံးကနေ စာထုတ်ပြီးတော့ ထွေအုပ်ဝန်ထမ်းမိသားစုတွေကို မတက်မနေရဆိုပြီး သင်တန်းအတင်းတက်ခိုင်းတာ။ မတက်ရင် ခွင့်မဲ့ပျက်ကွက်ဆိုပြီးတစ်လစာ လျော့မယ်ဆိုပြီးခြိမ်းခြောက်ခံရတယ်” ဟု သင်တန်းတက်ရောက်ရန်အစားထိုးခံရသည့်စစ်ကောင်စီဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် သင်တန်းစေလွှတ်ခံရသူများ၏ သင်တန်း နေ့တွက်စရိတ် များအတွက် မြို့နယ်စစ်ကောင်စီရုံးမှ ဖြတ်တောက်ရယူကာ ကိုယ့်စရိတ်ဖြင့်ကိုယ် ကုန်ကျခံရန်ပြောဆိုမှုရှိနေကြောင်း လည်းသင်တန်းစေလွှတ်ခံရသူများထံကသိရသည်။
“ သင်တန်းကနေပေးတဲ့ နေ့တွက်စရိတ်တွေကို မြို့နယ်ထွေအုပ်ရုံးကအကုန်ဖြတ်လိုက်တယ်။ သွားချင်တဲ့သူရှိရင် ကိုယ့်စရိတ်နဲ့ကိုယ်ကုန်ကျခံပြီးသွားပေါ့အဲ့လိုကြီးပြောလာတာ။ နဂိုတဲကတက်ချင်တာမဟုတ်ဘူးလေ။ မတက်ရင်လည်း အကြောင်းမဲ့အရေးယူခံရမှာစိုးလို့သွားရတဲ့သဘောဖြစ်နေတယ်”ဟု သင်တန်းစေလွှတ်ခံရသူတစ်ဦးကဆိုသည်။
အဆိုပါသင်တန်းအတွင်း လူသုံးကုန်ပစ္စည်းများဖြစ်သော ဘက်စုံသုံးဆပ်ပြာရည်၊အဝတ်လျှော် ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည် စသည်တို့ကိုထုတ်လုပ်သည့်နည်းပညာများကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းအတွက်ကုန်ကျမည့်စရိတ်အဖြစ် တိုင်းရန်ပုံငွေကျပ် သိန်း ၂၀၀ ချထားပေးကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန(MOI)
#ဖျာပုံတွင် #လူသုံးကုန်ထုတ်လုပ်မှုသင်တန်း #တက်ရောက်သူမရှိ #ဝန်ထမ်းမိသားစုဝင်များ #အစားထိုးတက်ခိုင်း #Ayeyarwaddy_Times