ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

အင်တာနက်အသုံးပြုခွင့်ရသည့်နေရာများတွင် လူသုံး များသည့် VPN များဖြင့် လူမှုကွန်ရက် Facebook နှင့် မက်စင်ဂျာများကို ချိတ်ဆက်သုံးစွဲ၍မရအောင် စစ် ကောင်စီက ပြုလုပ်ထားကြောင်း သိရသည်။

ယနေ့ မေ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကစတင်၍ Facebook၊ မက်စင်ဂျာများကို လူသုံးစွဲ မှုများပြားသည့် VPN များ ဖြင့် ချိတ်ဆက်သုံးစွဲ၍ မရရှိတော့ကြောင်း ပြည်သူများထံက သိရသည်။

“ဒီနေ့ နေ့လယ်လောက်ကစပြီးတော့ အသုံးများနေတဲ့ VPN တွေဖြစ်တဲ့ 1111, တို့၊ Psihon တို့ ယုန်ပြေးတဲ့ VPN တို့ အဲဒါတွေချိတ်ပြီးသုံးတာ လိုင်းတက်မလာတော့ဘူး။ ချိတ်လို့လည်းမရဘူး။ ဖျက်လိုက်ဒေါင်းလိုက်လုပ်ကြည့်လည်းမရနဲ့။ ဖေ့ဘွတ်ရော မက်စင်ဂျာရော သုံးမရတော့တာ”ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖိုက်ဘာအင်တာနက်ကုမ္ပဏီများ၏ ချို့ယွင်းချက်အချို့ကြောင့် အင်တာနက်သုံးစွဲ၍ မရခြင်းဖြစ်သည် ဟုဆိုကာ သုံးစွဲသူများမှ ဖိုက်ဘာအင်တာနက်ကုမ္ပဏီများသို့ ဆက်သွယ်မေးမြန်းရာတွင် VPN အခက်အခဲကြောင့်ဖြစ်သည်ဟု ပြန်လည် ပြောဆို ကြောင်း သိရသည်။

စစ်ကောင်စီက လူသုံးများသည့် VPN များကို အသုံးပြု၍မရစေရန်အတွက် ကြား ဖြတ်၍ ဖြတ်တောက်နိုင်သည့် Great Firewall တည်ဆောက်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကတည်းက တရုတ်ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့်ပေးထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်းမ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

စစ်တပ် အာဏာသိမ်းပြီး မကြာမီတွင် အင်တာနက်လိုင်းများကို VPN ဖြင့် ချိတ်ဆက် မထားပါက Social Network များ သုံးစွဲ၍မရအောင်ပြုလုပ်ခဲ့ပြီး နည်းပညာ တတ်ကျွမ်းသည့် လူငယ်များက ပြည်သူများ သုံးစွဲ၍ရစေရန်အတွက် VPN ဆော့ဝဲလ် များကို မျှဝေခဲ့ကြသည်။

ယခုလက်ရှိတွင်လည်း လူသိနည်းသည့် VPN များကို အသုံးပြုကြရန် VPN အသစ်များကို ပြည်သူများသုံးစွဲနိုင်စေရန် တယ်လီဂရမ်များတွင် မျှဝေထားသည်။

#စစ်ကောင်စီ #VPNဆော့ဝဲလ်များ #Facebook #အသုံးပြုမရစေရန် #အင်တာနက် #Ayeyarwaddy_Times