
ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
စစ်ကောင်စီက နိုင်ငံခြားငွေကို မသုံးလိုသဖြင့်ကုန်ပစ္စည်းဖလှယ်သည့်စနစ် (Barter) စနစ်ကို အသုံးပြုလိုသော်လည်း ကုန်သွယ် ဖက်နိုင်ငံလက်ခံမှသာလျှင် ယင်းစနစ်အသက်ဝင်မည်ဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောကြားသည်။
ကုန်သွယ်ဖက်နှစ်နိုင်ငံကြား ကုန်ပစ္စည်းချင်းအပြန်အလှန် ဖလှယ်သည့် ကုန်သွယ်မှုစနစ်ကျင့်သုံးသဖြင့် နိုင်ငံခြားငွေပြန်လည်ရရှိမှု ကင်းလွတ်ခွင့်နှင့် သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။
“ Barter စနစ်ဆိုတာက ပစ္စည်းချင်းဖလှယ်တာ တန်ဖိုးသတ်မှတ်ပြီးတော့။ ဒါက ကျောက်ခေတ်စီးပွားရေးစနစ်ပဲ။ စစ်ကောင်စီက ခေတ်နောက်ပြန်ဆွဲနေတယ်။ ဒီခေတ်ကုန်သည်တွေ အသုံးမပြုချင်ဘူး။ ကုန်သည်နဲ့ချိတ်ဆက် ထားတဲ့နိုင်ငံက ဒီစနစ်ကိုသုံးချင်မှဖြစ်မယ်။ အဲဒီနိုင်ငံက သုံးချင်တယ်ဆိုရင်တောင်မှ အလုပ်ရှုပ်တယ် ” ဟု ကုန်သည်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအာဏာသိမ်းထားသည့် ကာလတွင် ပို့ကုန်အများဆုံးတင်ပို့နိုင်သောပစ္စည်းမှာ ဆန်နှင့်ဆန်ကွဲဖြစ်ပြီး ဧပြီတွင် ဆန်တင်ပို့နိုင်သည့် ကုမ္ပဏီ ၄၅ ခုရှိကာ မတ်တွင် ကုမ္ပဏီ ၅၅ ခုတင်ပို့ခဲ့သဖြင့် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများလျော့နည်းလာကြောင်း မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်ထံက သိရသည်။
မြန်မာနိုင်ငံမှပို့ကုန်ပစ္စည်းများတွင် စိုက်ပျိုးသီးနှံထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများသာရှိပြီး စက်သုံးဆီနှင့် စားသုံးဆီများ အပါအဝင် လူသုံးကုန်၊ စက်မှုကုန်ကြမ်း၊ အထွေထွေ ကုန်ပစ္စည်းများကို နိုင်ငံခြားမှတင်သွင်းယူသုံးစွဲ နေရခြင်းဖြစ်သည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်၊ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော် စခန်းများမှ ကုန်သွယ်ရေးရပ်တန့်နေသဖြင့် နိုင်ငံခြားငွေရှားပါးမှုနှင့် ကုန်ပစ္စည်းဈေးကြီးမြင့်မှုဒဏ်ကို ပြည်သူများ ခံစားနေရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ Asia World
#စစ်ကောင်စီ #barterစနစ် #ကုန်သွယ်မှု #နိုင်ငံခြားငွေလျော့ #Ayeyarwaddy_Times
Boost t