ဧရာဝတီတိုင်းမ်
(မီဇိုရမ်)၊ မေ ၃၀ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် လေပြင်းမုန်တိုင်း တိုက်ခိုက်၍ မိုးကြီးပြီး ကုလာတန်မြစ်ရေ မြင့်တက်မှုကြောင့် မြန်မာစစ်ဘေးရှောင်နေအိမ် ၁၀ အိမ်ခန့် ပျက်စီးသွားကြောင်း စစ်ဘေးရှောင်တာဝန်ရှိသူထံက သိရှိရသည်။

လောင်တလိုင်ခရိုင်တွင် မေလ ၂၈ ရက်နေ့က တိုက်ခိုက်သည့် လေပြင်းမုန်းတိုင်းကြောင့် မိုးကြီးပြီး ကုလာတန်မြစ်ရေ မြင့်တက်မှုဖြစ်ပွားကာ ကာကီကျေးရွာရှိ မြန်မာစစ်ဘေးရှောင်များ နေထိုင်သည့် နေအိမ်များ ပျက်စီးသွားခြင်းဖြစ်သည်။

“မိုးက နှစ်ရက်ဆက်တိုက် ရွာတော့ မြစ်ရေက ကြီးပြီး မြစ်ကမ်းနံဘေးက လူနေအိမ် ၁၀ လုံးလောက်ဟာ မြှုပ်သွားတာဖြစ်တယ်။ စားစရာ၊ သောက်စရာ၊ အဝတ်စားတွေကို ထားခဲ့ပြီး လူတွေကို အချိန်မီ ပြောင်းရွှေ့ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင်း လူထိခိုက် သေဆုံးမှုက မရှိဘူး။”ဟု စစ်ဘေးရှောင် တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ဘေးရှောင်နေအိမ် ၁၀ လုံးခန့် ပြောင်းရွှေလိုက်ရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်အသစ် ပြန်လည်တည်ဆောက်ရန် အမိုးအကာများနှင့် ၎င်းတို့စားဝတ်နေရေးအတွက်လည်း အကူညီများလိုအပ်နေကြောင်း သိရှိရသည်။

ကာကီကျေးရွာတွင် မြန်မာစစ်ဘေးရှောင် အိမ်ထောင်စု (၁၀၅) စု နှင့် စစ်ဘေးရှောင် ဦးရေ (၄၀၀) ကျော်ပြီး ၎င်းတို့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ဘေးရှောင်များဖြစ်သည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင်လည်း ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် တိုက်ခိုက်သည့် လေပြင်းမုန်တိုင်းကြောင့် မိုးကြီးပြီး မြေပြိုကျသောကြောင့် လူပေါင်း ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

#မီဇိုရမ်ပြည်နယ် #လေပြင်းမုန်တိုင်းတိုက်ခိုက် #မြန်မာစစ်ဘေးရှောင် #နေအိမ်၁၀လုံးခန့်ပျက်စီး #Ayeyarwaddy_Times