
အယိုက်လင်း/ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှု ကျူးလွန်သည့် တရားခံ အမျိုးသားကို တရားသူကြီးက ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်ကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူထံက သိရသည်။
ဆလန်ဂေါပြည်နယ်၊ ဘန်တိန်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ပွားသည့် လူသတ်မှု ကျူးလွန်သူ အမျိုးသားကို မေလ ၂၉ ရက်နေ့တွင် ရှာလန်းအာလော့ တရားရုံးမှ တရားသူကြီးက ထောင်ဒဏ် ၁၄ နှစ်ချမှတ်ကာ ကာဂျန်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
“လူသတ်မှု ကျူးလွန်တဲ့ အမျိုးသားက အမျိုးသမီး တစ်ဦးကို သတ်သွားတာပါ။ ဖြစ်စဥ်က ၂၀၂၀ ခုနှစ်၊ ၇ လပိုင်းလောက်က ဖြစ်သွားတာ။ အမိန့်ချတာက ဒီနေ့မှပါ။ တရားသူကြီး သဘောကောင်းလို့ ထောင်ဒဏ် ၁၄ နှစ်ဘဲ ချမှတ်တာဖြစ်တယ်။ ပုံမှန်ဆို ထောင်ဒဏ် အနှစ် ၃၀ ထိ ချမှတ်နိုင်ပါတယ်။”ဟု လူမှုကူညီရေးဆောင်ရွက်နေသူ ချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လူသတ်မှု ကျူးလွန်ထားသည့် တရားခံ အမျိုးသားကို လူသတ်မှု ပုဒ်မ (၃၀၂) ဖြင့် တရားရုံးက တရားစွဲထားသော်လည်း ရှာလန်းအာလော့တရားရုံးမှ တရားသူကြီးက ပုဒ်မ ၃၀၄(က) ဖြင့် အမူလျော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။
လူသတ်မှု ကျူးလွန်သည့် အမျိုးသားသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြောင်းဆိတ်ကျေးရွာမှ အသက် (၄၆) နှစ်အရွယ် ဦးအောင်မြင့်ဟု သိရှိရကာ သေဆုံးသွားသူသည် ဒေါ်ဝင်းချေဖြစ်ပြီး ၎င်းတို့သည် ရခိုင်တိုင်းရင်းသားများဖြစ်ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း ကွာလမ်လာပူမြို့တော် ကပုန်းမြို့တွင် မြန်မာနိုင်ငံသားအချင်းချင်း အရက်အတူသောက်စားရာမှ လူသတ်မှုဖြစ်ပွားပြီး အဆိုပါ လူသတ်မှုကျူးလွန်သည့် အမျိုးသားကိုလည်း လူသတ်မှု ပုဒ်မ (၃၀၂)ဖြင့် တရားစွဲထားကြောင်း သိရသည်။
မလေးရှာနိုင်ငံ၊ ကွာလမ်လာပူမြို့တွင် ပြီးခဲ့သည့် ဧပြီလတွင်း မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီး ကလေး တစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
#မလေးရှား #မြန်မာနိုင်ငံသားအချင်းချင်း #လူသတ်မှု #ကျူးလွန်သည့်တရားခံ #အမျိုးသားကို #ထောင်ဒဏ် ၁၄နှစ်ချမှတ် #Ayeyarwaddy_Times