နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က စစ်ရေးအရ အရေးပါသော ရှမ်းမြောက်နှင့် ဆက်စပ်နေသည့် ရွှေလီမြစ်တစ်ကြော မန်ဝိန်းကြီးဒေသတွင် ခရိုင်နှစ်ခုပေါင်းကာ တပ်မဟာ (၁၁) ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

KIA စစ်ဦးစီးချုပ်ဖြစ်သလို NUG အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သော အသက် (၆၂) နှစ်အရွယ်ရှိ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းသည် ပြီးခဲ့သည့် မေ ၁၃ ရက်က ကွယ်လွန်သွားသည့်အတွက် ၎င်းနေရာကို ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆိုင်းလာအား အစားထိုး ခန့်အပ်ခဲ့ပြီးနောက် KIA က ယခုကဲ့သို့ တပ်မဟာအသစ် တစ်ခု ထပ်တိုးဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တပ်မဟာတစ်ခု ပြန်ဖွဲ့တာကတော့ မန်ဝိန်းကြီးဒေသမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်နဲ့ ဆက်စပ်နေတဲ့ ရွှေလီမြစ်တစ်ကြောမှာပေါ့နော်။ အဲဒီဒေသက အရင်ကတော့ တပ်မဟာ (၃)နယ်မြေဖြစ်တယ်။ အုပ်ချုပ်ရေးကနေ ပြန်ပြောမယ်ဆိုရင် ခရိုင်နှစ်ခုကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်” ဟု KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ KIA တွင် တပ်မဟာ ၁၀ ခုရှိပြီး ထိုအနက် တပ်မဟာ (၁)၊ (၂)၊ (၃)၊ (၅)၊ (၇)နှင့် (၈) တို့သည် ကချင်ပြည်နယ် အတွင်း၌လည်းကောင်း ကျန်ရှိတပ်မဟာ (၄)၊ (၆)နှင့် (၁၀) တို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌လည်းကောင်း လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

ထို့အတူ တပ်မဟာ (၉) သည်လည်း ကချင်ပြည်နယ် မိုးညှင်း နှင့် ဖားကန့်မြို့နယ်တွင် အခြေပြုလှုပ်ရှားသည်။

အဆိုပါ တပ်မဟာ ၁၀ ခု၏ လက်အောက်တွင်မူ လှုပ်ရှားတပ်မ နှစ်ခု၊ အထူးတပ်ရင်း သုံးခု၊ သက်ဆိုင်ရာ ဒေသအခြေစိုက် တပ်ရင်း ၂၄ ခု၊ ဒေသတခုနှင့်တခု လှုပ်ရှား သွားလာသည့် တပ်ရင်း ၂၇ ခုရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) ၏ စစ်တမ်းများအရ သိရသည်။

“တပ်မဟာ (၃)ကနေ အုပ်ချုပ်ကွပ်ကဲတဲ့ နေရာမှာ အလှမ်းဝေးနေလို့ ပြည်သူလူထုရဲ့ စားဝတ်နေရေးကအစ လုံခြုံရေးကအစပေါ့နော်။ တပ်မဟာ (၃)နဲ့ လက်လှမ်းမမီတဲ့ နေရာဖြစ်နေလို့ ပိုပြီးထိထိမိမိဖြစ်အောင် အဲဒီနေရာမှာ ခရိုင်နှစ်ခုနဲ့ တပ်ရင်းနှစ်ခု ပေါင်းပြီး တပ်မဟာတစ်ခု ပြန်ဖွဲ့တာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA က ထပ်မံဖွဲ့စည်းလိုက်သော တပ်မဟာ (၁၁)ကို ယခင် ဝိုင်းမော်၊ ဆဒုံးဒေသ တပ်မဟာ (၅)၏ တပ်မဟာမှူးမှ ဦးစီးသည်ဟု သိရှိရပြီး မန်ဝိန်းကြီးဒေသသည်လည်း ရွှေလီမြစ်၏ တဖက်ကမ်း၊ နမ့်ခမ်း အနောက်ဖက်တွင် တည်ရှိကာကချင်ပြည်နယ်ထဲ ပါဝင်နေကြောင်း EROs များနှင့် နီးစပ်သည့် တိုင်းရင်းသားအရေး ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

“မန်ဝိန်းကြီးဒေသဟာ အရင်တပ်မဟာ (၃) နယ်မြေထဲကဖြစ်ပေမဲ့ ဗန်းမော်ဖက်ကို အာရုံစိုက်နေတဲ့ တပ်မဟာ (၃)နယ်မြေထဲက ခွဲထုတ်လိုက်တဲ့ ဒေသဖြစ်ပါတယ်။ မန်ဝိန်းကြီးဟာ ကချင်နဲ့ ရှမ်းပြည် နယ်နဲ့ ဆက်စပ်တဲ့ နေရာမှာရှိပြီး ရှမ်းမြောက်မှာရှိတဲ့ ကေအိုင်အေ တပ်မဟာ သုံးခုနဲ့ ကချင်မှာရှိတဲ့ ကေအိုင်အေတပ်ဖွဲ့တွေ ဆက်စပ်တဲ့ နေရာမှာ အရေးပါတဲ့ ဒေသဖြစ်ပါတယ်” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ် သူက ရေးသားထားသည်။

ထို့အပြင် မန်ဝိန်းကြီးဒေသသည် စီးပွားရေးအရ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသေ ဒေသဖြစ်ပြီး မန်ဝိန်းကြီးနှင့် တရုတ်ပြည် နုန်တောင်း Nong Duo သည် နမ့်ဝမ်ချောင်း (ရွှေလီမြစ်ထဲ စီးဝင်သည့်ချောင်း) ခြားသည်ဆိုသော်လည်း တရုတ်ပြည် ဖက်ခြမ်း၌ နမ့်ဝမ်ချောင်းကူး တံတားထိုးထားသောကြောင့် ကားကြီးများ ကောင်းကောင်း ကူးနိုင်သလို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အရေးပါသည့် နေရာတွင် KIA က တပ်မဟာသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းဟု ဆိုလိုနိုင်ကြောင်း သိရသည်။

KIA အနေဖြင့် ယခုကဲ့သို့ တပ်မဟာသစ်တစ်ခု ဖွဲ့စည်းလိုက်ခြင်းသည် စစ်အင်အား တိုးချဲ့ခြင်းအပြင် နယ်မြေစိုးမိုးရေး လုပ်နိုင်သည်ကို စစ်ကောင်စီ သိရှိရအောင် ကြေညာလိုက်ခြင်း သဘောဖြစ်ပြီး ယင်းတပ်မဟာ(၁၁) နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်းများလည်း ဆုတ်ခွာပေးရနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
ပုံစာ-KIA စစ်ဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ် အောင်ဆိုင်းလာ
#KIA #စစ်ရေးနှင့်စီးပွားရေး #အရေးပါ #ရှမ်းမြောက်နှင့်ဆက်စပ် #ရွှေလီမြစ်တကြော #တပ်မဟာ၁၁ဖွဲ့စည်း #Ayeyarwaddy_Times