ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ချင်းပြည်နယ်၊ မတူပီမြို့၊ မတူပီ-ဟားခါးလမ်းရှိ ခရိုင်ရုံးတွင် အမာခံခြေကုတ်ယူထားသော စစ်ကောင်စီတပ်ကို ယနေ့ မေ ၃၀ ရက်၊ နံနက်ပိုင်းတွင် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် CDF-မတူပီ၊ တပ်ရင်း-၂ (Vakokတပ်ရင်း)က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါခရိုင်ရုံးကို CDF-မတူပီ၊ တပ်ရင်း-၂ က ယနေ့ နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခရိုင်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတူပီမြို့ ဖနိုင်ရွာဘက်သို့ ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သုံးနှစ်ကျော်အမာခံတပ်စွဲထားတဲ့ ခရိုင်ရုံးကို ဒီနေ့မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့ပြီ။ ခရိုင်ရုံးသိမ်းတိုက်ပွဲမှာ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး မိုင်းနင်းမိတဲ့အတွက် ​ဒဏ်ရာရပါတယ်။ တိုက်ပွဲဆက်လက်ပြင်းထန်ဖို့ရှိပါတယ်” ဟု တပ်ရင်းရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခရိုင်ရုံးသည် CDF-မတူပီ၊ တပ်ရင်း-၂ နှင့် နီးကပ်စွာတည်ရှိပြီး တပ်ရင်း-၂ ဘက်သို့ လက်နက်ကြီးများနေစဥ်ပစ်ခတ်နေသလို ခရီးသွားပြည်သူများကိုလည်း တင်းကြပ်စွာ စစ်ဆေးကာ ပစ္စည်းသိမ်းဆည်းမှုများမကြာခဏပြုလုပ်နေကြောင်းသိရသည်။

ခရိုင်ရုံးသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းမှုအခြေအနေကို စိစစ်နေဆဲဖြစ်ပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရသည်။

လက်ရှိတွင် ဒဏ်ရာရရဲဘော်ကို ဆေးကုသရန် ဆေးဝါးများလိုအပ်နေသလို လက်နက်ခဲယမ်းများနှင့် တိုက်ပွဲစားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြပါရန် ထုတ်ပြန်ချက်တွင် အထူးမေတ္တာရပ်ခံထားသည်။

ပုံစာ- CDF မတူပီ တပ်ရင်း-၂ မှ ရဲဘော်များ
#မတူပီမြို့ #ခရိုင်ရုံး #CNA #CDF-မတူပီ၊ #တပ်ရင်း-၂ #တိုက်ခိုက်သိမ်းပိုက် #Breaking_News #Ayeyarwaddy_Times