နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်များကို မူဆယ်ဘက်သို့ ပြန်လည်ပို့ဆောင်ခြင်းသည် နှစ်ဖက်ဆွေးနွေးမှု ရလဒ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)ထံက သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ SSPP တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် မေ ၂၇ ရက်က သာလွန်အင်အားဖြင့် TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး အဆိုပါ အကြောင်းအရာကို အခြေပြု၍ SSPP ၏ Facebook လူမှုကွန်ရက် စာမျက်နှာ (page) အတုကလည်း လူမျိုး‌ရေးပဋိပက္ခ ဖြစ်စေမည့် သတင်းများ လုပ်ကြံဖန်တီးလာသည်ကို တွေ့ရသည်။

“ကျွန်မတို့က မဟာမိတ်တပ်ဖွဲ့ SSPP ကို ဖမ်းဆီးတာ မဟုတ်ပါဘူး။ ကားနဲ့ခေါ်ဆောင်ပြီး သူတို့ရဲ့ မူရင်းနေရာ မူဆယ်ဘက်က တပ်စခန်းကို ပြေပြေလည်လည်နဲ့ ပြန်ပို့ဆောင်တာ ဖြစ်ပါတယ်။ အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ SSPP နဲ့ TNLA ဗဟိုကော်မတီ ကြားမှာ ဆွေးနွေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုက ဆွေးနွေးမှုရလဒ်ကို အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်” ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အဆိုပါကိစ္စရပ်အပေါ် နှစ်ဖက်ပြေလည်မှု ရရှိထားပြီး ပြန်လည် ပို့ဆောင်ခံရသော SSPP တပ်ဖွဲ့ဝင်များသည်လည်း ၎င်းတို့၏ မူရင်းတပ်စခန်းများ၌ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း လွေးယေဦးက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးသော်လည်း SSPP Info Facebook စာမျက်နှာကို ထိုးနှက်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် မသမာသူတစ်စုက ဖန်တီးပြုလုပ်လာသော Facebook စာမျက်နှာ page အတုကိစ္စကိုမူ ယမန်နေ့ မေ ၂၉ ရက်က ထုတ်ပြန်အသိပေးခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ SSPP Info Facebook စာမျက်နှာ အစစ်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က စတင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာမျက်နှာတွင် Followers 158 K ရှိကာ ယခုအချိန်ထိ ယင်း Facebook စာမျက်နှာ တစ်ခုထဲမှသာ SSPP/SSA နှင့် ပတ်သက်သည့် သတင်းများ၊ ထုတ်ပြန်ကြေညာချက်များ ရေးသားဖော်ပြလျှက် ရှိကြောင်း သိရသည်။

SSPP Info Facebook စာမျက်နှာအတုတွင် 71 Likes နှင့် 225 Followers သာရှိပြီး ၎င်းစာမျက်နှာတွင် SSPP/SSA (ဗမာဘာသာ သတင်းထုတ်ပြန်ရေး) ဟု ရေးသားဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ Facebook စာမျက်နှာ ‌အတုသည် SSPP info Facebook စာမျက်နှာမှ ရေးသားခဲ့သော သတင်းများကို ယခုနှစ် ၂၀၂၄ မေ ၈ ရက်နေ့မှ စတင်ကာ ပြန်လည်ကူးယူ ဖော်ပြခဲ့ပြီး လူမျိုး‌ရေးပဋိပက္ခ ဖြစ်စေမည့် လုပ်ကြံဖန်တီးထားသည့် သတင်းများ ကိုလည်း အခါအားလျော်စွာ ထည့်သွင်းရေးသားနေကြောင်း စစ်ဆေးတွေ့ ရှိရသည်ဟု SSPP က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – SSPP Info
#SSPPတပ်ဖွဲ့ဝင်များ #TNLA #မူဆယ်ဘက် #ပြန်လည်ပို့ဆောင် #နှစ်ဖက်ဆွေးနွေးမှုအရဖြစ် #Ayeyarwaddy_Times