
ဧရာဝတီတိုင်းမ်
(မီဇိုရမ်)၊မေ ၂၉ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့နယ်တွင် ဆိုင်ကလုံးမုန်တိုင်း( Remal) တိုက်ခိုက်သောကြောင့်မိုးကြီးပြီး မြေပြိုမှုဖြစ်ပွားကာ လူပေါင်း ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြန်မာစစ်ဘေးရှောင်များထံက သိရှိရသည်။
ယမန်နေ့ မေလ ၂၈ ရက်နေ့ မနက် ၆ နာရီအချိန်တွင် အိုင်ဇောလ်မြို့နှင့် Hlimen ကျေးရွာ၊ Melthum ကျေးရွာ၊ Falkawn ကျေးရွာ၊ Maubawk ကျေးရွာတို့တွင် လေပြင်းမုန်တိုင်းတိုက်ခိုက်ပြီး မိုးများရွာသွန်း၍ မြေပြိုမှုကြောင့် လူထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
“အိုင်ဇောလ်မြို့မှာ မေလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ နှစ်ရက်ဆက်တိုက် မိုးရွာနေတယ်။ မနေ့က ရွာတဲ့မိုးထဲမှာ လေမုန်တိုင်းတိုက်သွားတယ်။ အိုင်ဇောလ်မြို့ အနီးတစ်ဝိုက်က ကျေးရွာတွေမှာ မိုးကြီးလို့ မြေပြိုမှု ဖြစ်သွားတယ်။ ရွာပေါင်း ခြောက်ရွာလောက်မှာ မိုးပြိုမှုဖြစ်သွားပြီး လေးရွာလောက်မှာ လူသေဆုံး၊ ပျောက်ဆုံးမှုတွေ ဖြစ်သွားတယ်။ ကျန်တဲ့ကျေးရွာအတော်များလည်း နေအိမ်ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်။” ဟု မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မြေပြိုမှုကြောင့် Hlimen ကျေးရွာနှင့် Melthum ရွာမှ ၂၃ ဦး၊ Falkawn ကျေးရွာမှ နှစ်ဦး၊ Maubawk ကျေးရွာမှ တစ်ဦးနှင့် Salem ရပ်ကွက်မှ သုံးဦး သေဆုံးခဲ့ပြီး သေဆုံးသွားသည့် ရုပ်အလောင်းအချို့သည် ပျောက်ဆုံးကာ ရှာဖွေနေရဆဲဖြစ်ကြောင်း သိရှိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရက သေဆုံးသွားသည့် မိသားစုဝင်များကို တစ်ဦးလျင် အိန္ဒိယ ရူပီး ၄ဍလေးသိန်းစီ ကူညီထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် မြေပြိုမှုကြောင့် အိုင်ဇောလ်မြို့ရှိ Kanan ရပ်ကွက်မှ လူနေအိမ်အများပြား ပြိုကျပျက်စီးသွားသလို သချိုင်းကုန်းလည်း ပြိုကျသွားပြီး သချိုင်းအုပ်ဂူ ၅၀ ကျော် ပျက်စီးသွားကြောင်း သိရှိရသည်။
#မီဇိုရမ်ပြည်နယ် #မိုးရွာသွန်းပြီးမြေပြို #လူပေါင်း၃၀ #ဦးထက်မနည်းသေဆုံး #Ayeyarwaddy_Times