
ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
စစ်ကောင်စီ၏ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်ပတ်သက်ပြီးထိန်းချုပ်နေသဖြင့် ယခု ၂ ရက်အတွင်း အမေရိကန်ဒေါ်လာဈေးစံချိန်တင်မြင့်လာကာ ဒေါ်လာအဝယ်လိုက် ပြီး ရောင်းသူမရှိကြောင်း သိရသည်။
ယနေ့ မေ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်ပင် အမေရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၄၅၀၀ နှင့် ဝယ်ဈေး ကျပ် ၄၅၅၀ ကျပ်ဖြင့် ဈေးဖွင့်ကြောင်း ဈေးကွက် အတွင်းက စုံစမ်း သိရသည်။
ယနေ့ ညနေ ဈေးကွက်ပိတ်ချိန်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ၄၆၅၀ ကျပ်အထိ ဆက်လက်မြင့်တက်လာပြီး အကယ်ဒမီအခေါက်ရွှေဈေးမှာ ကျပ် ၅၈ သိန်းကျော်ဖြင့် တစ်ရက်အတွင်း ကျပ် သုံးသိန်းနီးပါး ဈေးမြင့်တက်ခဲ့ကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးတွင် အကယ်ဒမီ အခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ကျပ် ၅၅ သိန်း ( ၅,၅၇၅,၀၀၀ ) ကျော်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကြိုက်ဈေးဖွင့်လှစ်နေကြောင်း စုံစမ်း သိရသည်။
” ဒီမနက် ဒေါ်လာအဝယ်လိုက်ဝယ်တယ်။ ရောင်းမယ့်သူမရှိဘူး။ ဈေးဆက်တက်မယ် လို့သိရတယ်။ တစ်ဒေါ်လာ ၅၀၀၀ ထိဖြစ်မယ်လို့ခန့်မှန်းနေကြတယ်။ ရွှေဈေးက ကြိုက် ဈေးပဲဖွင့်တယ်” ဟု ဒေါ်လာရောင်းဝယ်ရေးနှင့်နှီးစပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဈေးကွက် ပြင်ပပေါက်ဈေးတွင် အမေရိကန်ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းမြင့်တက်နေ သော်လည်း စစ်ကောင်စီသတ်မှတ်ဈေးတွင်မူ ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
ဗဟိုဘဏ်၏ သတ်မှတ်ချက်ငွေလဲနှုန်းထား၊ AD ဘဏ်များ၊ ဒေါ်လာဝယ်ရောင်း လုပ်သော online training platform တွင်မူ အမေရိကန်တစ်ဒေါ်လာကို ၃၃၂၁ ကျပ် ဈေးသတ်မှတ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေဈေးသတ်မှတ်ချက် အပိတ်ဈေးနှုန်းတွင် အကယ်ဒမီ မီးလင်းရွှေစျေး တစ်ကျပ်သားလျှင် ကျပ် ၃,၉၉၉,၆၀၀ (ကျပ်သိန်း ၄၀ ခန့်) ဖြင့် အပြောင်းအလဲမရှိကြောင်း သိရသည်။
သင်္ကြန်ကာလအပြီး မေလပိုင်းမှစတင်ကာ နိုင်ငံခြားငွေလဲဈေးနှုန်းနှင့် အကယ်ဒမီ အခေါက်ရွှေစျေး တရိပ်ရိပ်မြင့်တက်လာရာ ယခုရက်ပိုင်းအတွင်းပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
အမေရိကန်ဒေါ်လာဈေး၊ ပြည်တွင်းရွှေဈေးနှင့်အတူ ထိုင်းဘတ်ဈေးမှာ တစ်ဘတ်လျှင် ၁၃၀ ကျပ်၊ တရုတ်ယွမ်ဈေးတွင် တစ်ယွမ် ၆၂၉ ကျပ်ဖြင့် ဈေးမြင့်တက်လျက်ရှိသည်။
နိုင်ငံခြားငွေလဲနှုန်းများမြင့်တက်လာ၍ အခြေံစားသောက်ကုန်ဈေးနှုန်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းဈေးနှုန်းများအပါအဝင် လူသုံးကုန်ပစ္စည်းများ ဈေးမြင့်တက်လာနေကြောင်း စုံစမ်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ် ၊ လူမှုကွန်ရက်
#ဒေါ်လာဈေးတက် #တစ်ဒေါ်လာ၄၅၀၀ #အခေါက်ရွှေဈေးတက် #၅၈သိန်းကျော် #Ayeyarwaddy_Times