ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စွဲထားသည့် နောင်စီပေါ ရွာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဝိုင်းမော်မြို့ပေါ်တွင် နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် ခလရ-၅၈ တပ်ရင်းကို အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း သိရသည်။

နောင်စီပေါရွာရှိ စစ်ကောင်စီစခန်းကို KIA နှင့် KPDF ပူး ပေါင်းတပ်ဖွဲ့များက ယမန်နေ့ မေ ၂၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

“နောင်စီပေါကို မနေ့ကစတိုက်တာ။ နာရီပိုင်းအတွင်း စခန်းရပါတယ်”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် KIA သည် ဝိုင်းမော်မြို့ပေါ်ရှိ မြို့စောင့်တပ်ဖြစ်သည့် ခလရ-၅၈ ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်ကလည်း လေကြောင်းမှ ခုခံတိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ခလရ-၅၈ တွင် ကာကင်းစခန်းများကို ပိုမိုတိုးချဲ့ထားပြီး ကာကင်း အဟောင်းများတွင်ပါ အင်အား တိုးချဲ့၍ ခံစစ်ပြင်ထားကြောင်း စစ်သတင်းရင်းမြစ်ထံက သိရသည်။

ဝိုင်းမော်မြို့တွင် အခိုင်အမာတည်ရှိနေသည့် ခမရ-၃၂၁ နှင့် ခလရ-၅၈ တို့အနက် ခမရ-၃၂၁ ကို မေ ၂၁ ရက်နေ့တွင် KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ယခုကျန်ရှိ နေသည့် ခလရ-၅၈ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ခလရ-၅၈ တပ်ရင်းသည် ဝိုင်းမော်၊ ကန်ပိုက်တီလမ်း ဝိုင်းမော်မြို့အနီးတွင် တည်ရှိပြီး မြို့စောင့်တပ်အဖြစ် အင်အားတိုးချဲ့ခံစစ်ပြင်ထားသည့် တပ်စခန်းတစ်ခုဖြစ်သည်။

#ကချင် #ဝိုင်းမော် #‌နောင်စီပေါရွာ #စစ်ကောင်စီ #တပ်စခန်း #KIA #သိမ်းပိုက် #ခလရ ၅၈ #ထိုးစစ် ဆင် #Ayeyarwaddy_Times