
မြရာ/ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
စစ်ကောင်စီ၏ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနေရာကို အစားထိုး ခန့်အပ်လိုက် ကြောင်း ယမန်နေ့ မေ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ရာထူးမှ အနားပေးခံရသည့် ဗိုလ်ချုပ်အောင်လင်းထွန်းကို စစ်ကောင်စီက ကျားဖြန့် လုပ်ငန်းခေါင်းစဉ်တပ်၍ ပြီးခဲ့သည့် ဧပြီပထမပတ်ကတည်း က ဖမ်းဆီးစစ်ဆေး ခဲ့ခြင်းဖြစ်ပြီး မေလအတွင်းတွင် နှစ်ရှည်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့ပြီးဖြစ်သည်။
ယခုအခါတွင် စစ်ကောင်စီသည် ဗိုလ်ချုပ်အောင်လင်းထွန်း၏ ကာကွယ်ရေးဒုဝန်ကြီး နေရာကို ဗိုလ်ချုပ်ကိုလေးဖြင့် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။
အသစ်ခန့်အပ်လိုက်သည့် ဗိုလ်ချုပ်ကိုလေးသည် ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်ပြီး ဒီမိုကရေစီအစိုးရ NLD လက်ထက်တွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဇေယျ ကျော်ထင်ဘွဲ့ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထောင်နှစ်ရှည်ချ၍ ဖမ်းဆီးခံထားရသည့် ဗိုလ်ချုပ်အောင်လင်းထွန်းအပြင် စစ်ကောင်စီတပ်မှ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ ငါး ဦးကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
ပြီးခဲ့သည့် မေ ၁၄၊ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံကူမင်းမြို့တွင်ပြုလုပ်သည့် (၅) ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲအပြီးတွင် ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်သည့် ယခင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများကို အရေးယူခဲ့သည့်နည်းအတိုင်း ထိပ်တန်းအရာရှိ ငါး ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တရုတ်အစိုးရသည် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ အလုပ်သဘောအရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို ယွမ်ငွေ ၅ သန်း ပေးအပ်ခဲ့ပြီး တရုတ် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်သော အမြင့် ဆုံးဆုတံဆိပ် Golden Great Wall Commemorative Medal တို့ကို ပေးအပ်ခဲ့သည်။
စစ်ကောင်စီသည် ဟိုင်ဂင်ဆွေးနွေးမှုပြီးတိုင်း တရုတ် အစိုးရနှင့် သဘောတူပြီး မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်သည့် စစ်ဘက်အရာရှိများကိုပင် ထောင်ချအရေးယူမှုများပြုလုပ်နေခြင်းဖြစ် သည်။
“ဗိုလ်ချုပ်အောင်လင်းထွန်းကို နေအိမ်ထဲအထိ ဝင်ဖမ်း တာမှာ လက်မခံဘဲ ခုခံလို့ အကြမ်းဖက်ထိုးကြိတ်ပြီး ဖမ်းခဲ့ရလို့ သွားတောင်ကျွတ်ထွက်ခဲ့တာ။ သူက တပ်မတော်နေ့ မတိုင်ခင်ကတည်းက ဖမ်းပြီးစစ်ဆေး ခံနေရတာ”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဗိုလ်ချုပ်အောင်လင်းထွန်းအပြင် ယခင်အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် (ရပခ)တိုင်းမှူး တောင်ကြီးမှ ဗိုလ်ချုပ်လှမိုး၊ မြောက်ပိုင်းတိုင်းစစ် ဌာ နချုပ် (မပခ)တိုင်းမှူး မြစ်ကြီးနားမှ ဗိုလ်ချုပ်စိုးလှိုင်၊ ယခင်လောက်ကိုင်ဒကစမှူး ဗိုလ်ချုပ်ဇော်မင်းတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ပြီး ဗိုလ်ချုပ်လှမြင့်စိုးကိုမူ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက် ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်လင်းထွန်းသည် စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုမထမ်း မနေရ ပြည်သူ့ စစ်မှုထမ်းဥပဒေအတွက် အရပ်သားများစစ်ထဲမဝင် မနေရစနစ်ဖြင့် ဆင့်ခေါ်မည့်အဖွဲ့တွင် ထိပ်ပိုင်းတာဝန် ယူထားသူဖြစ်ပြီး ထောင်နှစ်ရှည်ချမှတ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပုံစာ-ထောင်နှစ် ရှည်ချမှတ်ခံရသည့် စစ်ကောင်စီ၏ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း
#စစ်ကောင်စီ #ကာကွယ်ရေးဒုဝန်ကြီး #ဗိုလ်ချုပ်အောင်လင်းထွန်း #ရာထူးမှအနားပေး #အစားထိုး #ခန့်အပ် #ဗိုလ်ချုပ်ကိုလေး #Ayeyarwaddy_Times