
ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အသက်ပြည့်ပြီးသည့် လူငယ်များ စစ်မှုထမ်းရန် နေအိမ်များသို့ အကြောင်းကြားစာပို့ပြီး ရပ်ကွက်ရုံးသို့လာရောက်၍ စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်းနေ ကြောင်း ဒေသခံများထံကသိရသည်။
ရပ်ကွက်ရှိ လူငယ်များကို ခြိမ်းခြောက်ကာ ဖောင်ဖြည့်ခိုင်းနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ဟိုင်းကြီးကျွန်းမြို့ (၁) ရပ်ကွက်တွင်နေထိုင်သည့် ဦးချစ်သန်း (အငြိမ်းစားကျောင်းဆရာ)နှင့် ဆယ်အိမ်မှူး ဦးစိန်သန်း၊ ဦးစိုးကျော် ၊ ဦးဇေယျာမြင့် နှင့် ရပ်ကွက် စာရေးတို့ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“ရွာသစ်ရုံးကို နိုင်ငံသားစီစစ်ရေးကတ်ပါယူလာရမယ်။ မလာရင် မိဘအုပ်ထိန်းသူ တွေကိုပါ ဖမ်းဆီးအရေးယူ ထောင်ချမယ်ပြောတယ်။ လူငယ်အများစုရဲ့ မိဘတွေလဲ စိတ်သောကရောက်ရတယ်” ဟု အမှတ် (၁) ရပ်ကွက်တွင်နေထိုင်သူတစ်ဦး ဧရာဝတီ တိုင်းမ်ကိုပြောသည်။
ဟိုင်းကြီးကျွန်းမြို့ရှိ လူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူငယ် အချို့သည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့၏ စောင့်ကြည့်ခြင်း ခံထားရကာ တိမ်းရှောင်၍ မရကြောင်း ဒေသခံများကဆိုသည်။
“အုပ်ကြီးက ရိုးရိုးပြောမရရင် သေနတ်နဲ့လာမယ်ဆိုတာမျိုးပါပြောတယ်။ ခြိမ်းခြောက် ပြောတာမျိုးတွေပါ လုပ်တယ်။ အရင်တစ်ခါက မဲနှိုက်ရတယ်။ အခုက မဲမနှိုက်ရဘဲ ဖောင်ဖြည့်ပြီး တန်းခေါ်မှာ။ ဒါကြောင့် အရမ်းစိုးရိမ်နေကြရတာပါ”ဟု အမှတ် (၁) ရပ်ကွက်ရှိ လူငယ်တစ်ဦး၏ မိဘဖြစ်သူက ဆက်လက်ပြောသည်။
လက်ရှိ အမှတ် (၁) ရပ်ကွက်တွင် ငွေကြေးမပြည့်စုံသည့် လူငယ်များ စစ်မှုထမ်းဆောင်ရန်ငြင်းဆန်လျှင် မိဘများကို ထောင် ၃ နှစ်ချမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြီး ငွေကြေးပြည့်စုံသည့် လူငယ်များကိုမူ စစ်မှုထမ်းဖောင်ဖြည့်ခိုင်းသော်လည်း စစ်မှုထမ်းဆောင်ရန် ချန်လှပ်ထားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယခု မေလအတွင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင်လည်း အသက်ပြည့်ပြီး ဖြစ်သည့် လူငယ်များ၏နေအိမ်ရှေ့တွင် စစ်မှုထမ်းစာရင်း ပေးသွင်းကြရန်နှင့် ပျက်ကွက်ပါက အရေးယူခြင်းခံရနိုင်သည် ဆိုသော စာများကို စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့က လိုက်လံကပ်ထားကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင်လည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေး မှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ဒေသခံ ပြည်သူများကို ခြိမ်းခြောက်၍ ငွေတောင်းယူမှုများနှင့် စစ်မှုထမ်းဆန့်ကျင်သူများကိုပါ ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်နေကြောင်းသိရသည်။
မြန်မာပြည်ဒေသအနှံ့အပြားရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများသည် ၎င်းတို့၏ သားသမီးများကို စစ်မှုထမ်းဆောင်ရန်အတွက် အမှတ်စဥ် (၁) ၊ အမှတ်စဥ် (၂) တို့တွင် စစ်သင်တန်း တက်ရောက်ရန် ချန်လှပ်ထားကြောင်း စုံစမ်းသိရသည်။
ယခုအမှတ်စဉ် (၂) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ လက်ရှိအချိန်ထိ စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်လျှက်ရှိကြောင်းသိရသည်။
စစ်မှုထမ်းသင်တန်းအပတ်စဥ် တစ်သုတ်လျှင် ၁၂ ပတ်အကြာ စစ်သင်တန်းပေးမည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံကသိရှိရပြီး လက်ရှိ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အတွက် သင်တန်းသားများ ရောက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြလျှက်ရှိသည်။
ပုံစာ- အုပ်ချုပ်ရေးမှူးမှာ ဦးချစ်သန်း(အငြိမ်းစားကျောင်းဆရာ)၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အတွက် သင်တန်းသားများတွေ့ရစဥ်
#ဟိုင်းကြီးကျွန်း #ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #လူငယ်များ #စစ်မှုထမ်း #ဖောင်ဖြည့်ခိုင်း #ထွက်ပြေးလျှင် #မိဘများကို #ဖမ်းဆီးထောင်ချမည်ဟု #Ayeyarwaddy_Times