ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ၂၉ ရက်

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ CDM ကျောင်းဆရာမ နှစ်ဦးကို စစ်ကောင်စီထောင်တွင်းတရားရုံးက ယမန်နေ့ မေလ ၂၈ ရက်နေ့တွင်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မိသားစုဝင်များထံကသိရသည်။

စစ်ကောင်စီက ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခဲ့သည့် CDM ဆရာမ နှစ်ဦးမှာ မင်းသားရွာ တွင်နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဒေါ်သီတာဦး (ခ)ကေဂျာနူး နှင့် လှည်းကုန်း အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၈ နှစ် ဝန်းကျင်အရွယ်ရှိ ဒေါ်နီလာစန်း တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် CDM ဆရာမ ဒေါ်သီတာဦး (ခ) ကေဂျာနူး ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဆင်ကူးရွာ လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးခဲ့ပြီး CDM ဆရာမ ဒေါ်နီလာစန်းကို မောရဝတီရေတပ်က ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“နေ့လယ် ၁၂ နာရီလောက်ကပဲ CDM ဆရာမ နှစ်ဦးစလုံးကို ထားဝယ်ထောင် တွင်းတရားရုံးက အမိန့်ချမှတ်လိုက်တယ်လေ။ တစ်ယောက် ကို ၁၀ နှစ်စီ” ဟု ဆရာမ ဒေါ်နီလာစန်း၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် CDM ကျောင်းဆရာမ နှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၀) ည ၊( ၅၀၅) က တို့ဖြင့် တရားစွဲဆိုထောင်ချခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

CDM ဆရာ မနှစ်ဦး ကို သုံးလကျော်အကြာ စစ်ဆေး၍ ရုံးချိန်း (၁၀) ကြိမ် မြောက်ချိန်းပြီးနောက် အခုလို အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်သီတာဦး (ခ)ကေဂျာနူး သည် အမက – ဘုရားမဲရွာ မှာ မူလတန်းပြ ကျောင်းအုပ်ဖြစ်ပြီး ဒေါ်နီလာစန်းသည် မူလွန် – လှည်းကုန်း မှ အလယ်တန်းပြ ဆရာမဖြစ်ပြီး နှစ်ဦးစလုံးသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူများဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၇ ရက်နေ့က မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သည့် ဆရာမ ဒေါ်ယဉ်ယဉ်အေး (အလယ်တန်းပြ-ကံပေါက်) နှင့် မိကျောင်းအိုင် ရတနာလမ်းတွင် နေထိုင်သည့် ဆရာမဒေါ်သက်သက်မော် (အထက-ကလိန်အောင်) အထက်တန်းပြ ဆရာမ နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၂) က ဖြင့် ထောင် လေးနှစ်စီ ချမှတ်ခဲ့သည်။

ပုံစာ- ထောင် ၁၀ နှစ်စီ ချမှတ်ခံရသော CDM ကျောင်းဆရာမ ဒေါ်သီတာဦး နှင့် ဒေါ်နီလာစန်း
#ကံပေါက်ဒေသ #CDMကျောင်းဆရာမ၂ဦး #စစ်ကောင်စီ #ထောင်တွင်းတရားရုံး #ထောင်၁၀နှစ်စီ #ချမှတ် #Ayeyarwaddy_Times