ဧရာဝတီတိုင်းမ်
သြဂုတ် ၇၊ ၂၀၂၂
တရုတ်နိုင်ငံအနေဖြက့် အာဏာသိမ်း စစ်ကောင်စီဘက်မှ ဆက်လက်အားပေး ရပ်တည်မှု မပြုလုပ်ရန် မကွေးတိုင်း၊ ငဖဲမြို့နယ်မှ ဒေသခံများက တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအနီးတွင် ယနေ့ ဆိုင်စဘုတ်များကိုင်ဆောင်၍ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူများ လိုလားတောင့်တနေသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို အလေးထားပေးရန် ငဖဲဒေသခံများက ယနေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ကျောက်ဖြူ-ကူမင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအနီးတွင် ငဖဲဒေသခံများက စစ်ကောင်စီအနေဖြင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်ခြင်း၊ နေအိမ်များကို မီးလောင်တိုက် သွင်းနေခြင်း၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေခြင်းဖြင့် စစ်ရာဇဝတ်မှု့ မျိုးစုံကို ကျူးလွန်နေသည့် အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်ဘက်မှ တရုတ်အစိုးရက ရပ်တည်ကာ အကူအညီ အထောက်အပံ့ ပေးနေသည်ကို ရပ်တန့်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာရှင် အကြမ်းဖက်သမားများက မုသားလှည့်ဖျားကာ ၎င်းတို့အာဏာ တည်တန့်ရေး၊ ၎င်းတို့မိသားစုကောင်းစားရေးကို လက်နက်အားကိုးကာ ပြည်သူကို နှိပ်စက်ပြီး ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ နိုင်လိုမင်းထက် ပြုနေသည်က ယခုဆို တိုင်းနဲ့ပြည်နယ်အားလုံး အထွေထွေ ချွတ်ခြုံကျကာ ပြည်သူများကသာ ရင်ဆီးခံနေရကြောင်း ဆန္ဒပြသူများက ဆိုသည်။
“ပြည်သူ့အစိုးရကို မတရားဖမ်းကာ ထောင်ချနေကြတယ်။ သူတို့က ပြည်သူကို သတ်နေတာ။ မတရားဖမ်းနေတာ။ ရွာတွေကို မီးလောင်တိုက် သွင်းနေတာ။ အဲ့ဒါကို တရုတ်က ထောက်ခံပေးနေတာ ရပ်တန့်ပါလို့ ကျနော်တို့ ဒီကနေ ပြောလိုတယ်။ အကြမ်းဖက် စစ်တပ်အပေါ် ရပ်တည်ပေးတာ မရပ်တန့်ရင် ကျနော်တို့ ပြည်သူတွေက တရုတ်ရဲ့ အကျိုးစီးပွားကို ဒီထက်ပိုပြီး ဆန့်ကျင်ကြရတော့မယ်။ တရုတ်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားပါလို့ပဲ ပြောချင်တယ်” ဟု အဆိုပါ ဆန္ဒဖော်ထုတ်မှု့ကို ဦးဆောင်သည့် ကိုလယျာ်က ဧရာဝတီတိုင်းသို့ ပြောသည်။
မြန်မာ့ အိမ်နီးချင်းကောင်းအနေနဲ့ တရုတ်နိုင်ငံ ရပ်တည်မည်ဆိုလျှင် မြန်မာပြည်သူများရဲ့ အသံကို နားထောင်ပေးရန်၊ မြန်မာပြည်သူများကတော့ စစ်အာဏာရှင်တွေကို အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးတာမို့ မြန်မာ့အရေးကို တကယ့်ကို အိမ်နီးချင်းကောင်း ပီသရေးဟာ မြန်မာ့ပြည်သူ့အသံကို အလေးထားပေးရန် လိုအပ်ကြောင်း ၎င်းတို့က ဆက်ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒ၊ လွပ်လပ်ခြင်း၊ တန်ဖိုးထားမှု့နှင့်အတူ ပြည်သူ့ဆန္ဒအရ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် တိုင်းပြည်အစစ်အမှန် ပေါ်ထွန်းရေးကို အလေးအနက်ထား ကူညီပေးကြပါရန် တောင်းဆိုခဲ့ကြသည်။