
ဧရာဝတီတိုင်းမ်
(မြစ်ကြီးနား)၊ မေ ၂၉ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင် ဆန္ဒပြမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသား ငါး ဦးအပါအဝင် အခြားအကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက ထပ်တိုး ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။
ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ထောင်ဒဏ် ငါးနှစ်နှင့် အထက် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်း၊ ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့အပြင် အခြားအကျဉ်းသားများကို ဆန္ဒပြမှုဖြစ်ပွားပြီးနောက် ၁၈ ရက်အကြာတွင် ပြည်သူပိုင် ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)၊၆၆(ဃ) တို့ဖြင့် ထောင်ဒဏ်သုံးနှစ်ခြောက်လ နှင့် ထောင်တွင်း တိုက်ပိတ်ပြစ်ဒဏ်များ ထပ်မံ ချမှတ်ခဲ့ကြောင်း သိရသည်။
“ဒီ ၁၃ ယောက်ကိုတော့ ထောင်တွင်း ဆန္ဒပြမှုမှာ ပါ၀င်တယ် ဆိုပြီးတော့ မြစ်ကြီးနား မြို့နယ် တရားရုံးမှာ အမိန့်ချလိုက်တာပေါ့။ ဒါပေမယ့် အမိန့်ချမှု ဖြစ်စဉ်အားလုံးကို ရှေ့နေတောင် မသိတဲ့ ကိစ္စမျိုးတွေနဲ့ လူမသိသူမသိ အမြန်အမိန့်ချခဲ့တာပေါ့နော်။ နိုင်/ကျဉ်း အရေအတွက်က ၁၃ ယောက်ထဲမှာ ဒီထက်ပိုပြီးတော့လည်းပါနိုင်တယ်။ သို့သော်လည်းပဲ အချက်အလက် အတိအကျမရနိုင်တဲ့အခါမှာ ပြောဖို့ ခက်ခဲတာပေါ့” ဟု PPNM တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဆန္ဒပြမှုဖြစ်စဉ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့်ရဲများက အကြမ်း ဖက်ပစ်ခတ်ဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး ဒဏ်ရာရရှိသူများကို အကျဉ်းထောင်ပြင်ပသို့ ခေါ်ထုတ်သွားခဲ့သည်။
အကျဉ်းထောင်ပြင်ပသို့ ခေါ်ထုတ်သွားသည့် ဒဏ်ရာရရှိသူ အကျဉ်းသားများမှာ ယခုအချိန်ထိ အကျဉ်းထောင်တွင်း ပြန်လည်ရောက်ရှိခြင်းမရှိဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။
” အဲ့ဒီဒဏ်ရာရတဲ့လူတွေက ထောင်ကို ပြန်ရောက်တယ်ကို မကြားသေးဘူး။ စစ်ဆေးရုံ မှာပဲရှိသေးတာလား။ နဲနဲပဟေဠိဆန်နေတယ်။ လက်ရှိအဲ့ဒီထောင်ရဲ့ ဒေတာ အချက် အလက်တွေရရှိဖို့လည်း အရမ်းကို ခက်ခဲနေတော့ နိုင်ငံရေးအကျဉ်းသား ငါး ယောက်ရဲ့ ဒေတာ အချက်အလက်လောက်ပဲ ကျွန်တော်တို့မှာ ကိုင်ထားနိုင်တာပေါ့” ဟု ကိုသိုက်ထွန်းဦးက ဆက်လက် ပြောသည်။
မြစ်ကြီးနားအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားများသည် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူမရှိသည့်အပေါ် ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီသည် ထိုသို့ဆန္ဒပြမှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြစ်ကြီးနားအကျဉ်းထောင် ထောင်ပိုင်ကြီးအပါအဝင် ထောင်တာဝန်ရှိသူ အချို့ကိုအရေးယူခဲ့သည်။
လက်ရှိအချိန်တွင် ထောင်တာဝန်ခံများ အသစ်အစားထိုးရောက်ရှိနေပြီး ထောင်ပိုင်ကြီး (အသစ်)လှမျိုးအောင်နှင့် ထောင်ပိုင်လေး(အသစ်)ဇေယျာလင်းတို့ဖြစ်ကာ အကျဉ်းသား များကို ဆက်လက်ဖိနှိပ်အုပ်ချုပ်ထားကြောင်း PPNM ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#မြစ်ကြီးနားထောင် #နိုင်ငံရေးအကျဉ်းသား #ထပ်တိုးထောင်ဒဏ်ချမှတ် #စစ်ကောင်စီ #Ayeyarwaddy_Times