
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ၂ နှစ်ကျော်အတွင်း ၁၅၄ မှုရှိလာပြီး အရပ်သား ၁၅၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း စစ်ရေးပဋိပက္ခများကို လေ့လာစောင့်ကြည့်နေသည့် BNI – Myanmar Peace Monitor ထံက သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေ ၁ ရက်မှ ယခု ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်အထိ ၂ နှစ်ကျော်ကာလအတွင်း လူ ငါး ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၉၄ မြို့နယ်တွင် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း BNI ၏ ယမန်နေ့ မေ၂၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များတွင် အရပ်သား ၁၄၄၆ ဦးအထိ သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် ၄၈ ခုဖြင့် အများဆုံးဖြစ်ကာ ရခိုင်ပြည်နယ်တွင် ၁၆ ခု ဖြင့် ဒုတိယ၊ မန္တလေးတိုင်းတွင် ၁၄ ခုဖြင့် တတိယအများဆုံး တွေ့ရှိရကြောင်း BNI က ဆိုထားသည်။
စစ်ကောင်စီသည် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး နောက်ပိုင်း စစ်ကိုင်းတိုင်းကို ပိုမိုဖိလာနေပြီး အရပ်သားများနေ့စဉ်နီးပါး သတ်ဖြတ် ခံနေရကာ အကြမ်းဖက်မှုများ ပိုမိုစိပ်လာကြောင်း စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့ဝင် ကိုစိုးဝင်းဆွေထံက သိရသည်။
“နောက်တစ်ခုက စစ်ကိုင်းတိုင်းမှာ အကြမ်းဖက် စစ်တပ်က သတ်ဖြတ်မှုတွေနဲ့အတူ တော်လှန်ရေး အင်အားစုအချင်းချင်း ပဋိပက္ခတွေလည်း ပိုပြီးစိပ်လာတာကို တွေ့ရတယ်။ ဒါကြောင့်မို့ ဒီပြဿနာတွေကို NUG အနေနဲ့ မြန်မြန်အကောင်အထည်ဖော် ထိထိ ရောက်ရောက် ဖြေရှင်းပေးဖို့ မြေပြင်က လိုလားနေကြတယ်” ဟု ကိုစိုးဝင်းဆွေက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင်နီပြည်၊ မကွေးတိုင်း၊ ပဲခူး(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် တနင်္သာရီတိုင်း တို့တွင်လည်း ငါးခုနှင့် အထက် ကျူးလွန်ခဲ့ကြောင်း BNI ၏ ထုတ်ပြန်ချက်အရ သိရသည်။
“နိုင်ငံတဝှမ်း အရူးမီးဝိုင်းသလို စစ်မျက်နှာတွေဖွင့်ကာ ထိုးစစ်ဆင်တာ ခံနေရတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ကို ခုခံနိုင်စွမ်းမရှိတဲ့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို ပြောင်ပြောင်တင်တင်း ကျူးလွန် နေခဲ့တယ်။ လက်ထုတ္တောရွာ ဖြစ်စဉ်ကိုကြည့်ရင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ ကျေးရွာ အတွင်း စစ်ကြောင်းထိုး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ထင်ရှား ပါတယ်” ဟု BNI က ဆိုထားသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုထ္တော ကျေးရွာကို ယခုလ မေ ၁၁ ရက်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်ခြင်းနှင့် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား ၃၂ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ထိုဖြစ်စဉ်ကို BNI က မီးမောင်းထိုး ဖော်ပြထားသည်။
BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်ကောင်စီက အရပ်သားများအား တိုက်ရိုက်ဦးတည် ဖမ်းဆီးသတ်ဖြတ်မှုသည် ၇၆ ခုရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ ၅၀ ရာခိုင်နှုန်း နီးပါးရှိကာ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည်လည်း ၄၂ ကြိမ်ရှိပြီး ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မေ ၁၅ ရက်အထိ လေးလခွဲတာ ကာလအတွင်း လူ ငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၄၉ ခုရှိခဲ့ပြီး လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် အများဆုံးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – စစ်ကောင်စီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် လက်ထုထ္တော ကျေးရွာဖြစ်စဉ်
#စစ်ကောင်စီ #အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #၁၅၄မှု #အရပ်သား #၁၅၀၀ဝန်းကျင်သေဆုံး #Ayeyarwaddy_Times