ဧရာဝတီတိုင်းမ်
(မလေးရှား)၊ မေ ၂၈ ရက်

မလေးရှားနိုင်ငံ၏ မြို့တော် ကွာလမ်လာပူမြို့နယ် ဆန်တိုးမြို့တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား (၁၂၄) ဦး ထမ်မံ ဖမ်းဆီးခံရကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူများထံက သိရသည်။

ယနေ့ မေလ ၂၈ ရက်နေ့၊ မလေးစံတော်ချိန် မနက် ၁ နာရီတွင် တရားမဝင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Dato’ Ruslin bin Jusoh ဦးဆောင်းပြီး မလေး ရဲတပ်ဖွဲ့နှင့် ဌာနပေါင်းစုံမှ အရာရှိ၊ အဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းဖြစ်သည်။

“ဒီနေ့ မနက် အဖမ်းခံရတဲ့ထဲမှာ မြန်မာနိုင်ငံသား ၄၀ ဦး ၊အိန္ဒိယနိုင်ငံသား ၁၉ ဦးနဲ့ ကျန်တာက အင်ဒိုနီးရှားနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ သူတွေ တရားမဝင်နေထိုင်မူနဲ့ စစ်ဆေးနေပါတယ်။ အခုရက်ပိုင်း နေရာစုံ ဖမ်းဆီးနေတာကြောင့် မြန်မာနိုင်ငံသားတွေ အထူးဂရုစိုက်ပါ။ ပတ်ဝန်းကျင် အနေထားကို စောင့်ကြည့်ပါ။”ဟု လူမှုကူညီရေးဆောင်ရွက်နေသူ ချင်းအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများကို တရားမဝင်နေထိုင်မှုဖြင့် ဆက်လက်စစ်ဆေးနိုင်ရေးအတွက် ကွာလမ်လာပူမြို့ရှိ ဘူကစ်ဂျာလီ ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ပိုများလာကြောင်း မလေးရှားရှိ မြန်မာလူမှုကူညီရေးအဖွဲ့စည်းများထံက သိရသည်။

“အာဏာသိမ်းပြီး တစ်နှစ်အတွင်း မလေးရှားကို အောက်လမ်းကနေ မြန်မာနိုင်သားတွေ လာကြတယ်။ မလေးရှားမှာလည်း အဖမ်ဆီးများတယ်၊ အလုပ်ကလည်း အဆက်မပြေတာများတော့ ၂၀၂၂ ခုနှစ်လောက်မှာ နည်းနည်းငြိမ်သွားတယ်။ ပြီးခဲ့တဲ့ လက စစ်မှုထမ်းဥပဒေကြောင့် အခု မြန်မာနိုင်ငံသားတွေ နှစ်ဆလောက် ပြန်ဝင်လာကြတယ်။ အခု မလေးရှားမှာ နိုင်ငံခြားသားတွေ ပိုများလာသလို အဖမ်းဆီးကလည်း ပိုများလာတယ်။”ဟု ကွာလမ်လာပူမြို့ရှိ မြန်မာလူမှုကူညီရေးအဖွဲ့စည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကလည်း ဂျိုဟိုးပြည်နယ်ရှိ စီးနိုင်းမြို့တွင် တရားမဝင် နိုင်ငံခြားသားများအလုပ်လုပ်ကိုင်နေသည့် စက်ရုံတွင် မလေးရှားလူဝင်မှုကြီးရေးအဖွဲ့မှ ရှောင်တခင်ဝင်ရောက်စီးနင်းဖမ်းဆီးရာ မြန်မာနိုင်ငံသားအပါဝင် နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

#မလေးရှား #တရားမဝင်အလုပ်လုပ်ကိုင်နေသည့် #မြန်မာနိုင်ငံသား #နိုင်ငံခြားသား၁၂၄ ဦး #ထပ်မံဖမ်းဆီးခံရ #Ayeyarwaddy_Times