မြရာ၊နိုရာ/ဧရာ၀တီတိုင်းမ်
မေ ၂၈ ရက်

ကိုးနှစ်အရွယ် သားဖြစ်သူက ငိုမဲ့မဲ့နဲ့ မေးတဲ့ မေးခွန်းကို မခင်နု မဖြေနိုင်ခဲ့ပါဘူး။

“အိုတီတွေမဆင်းပါနဲ့ အမေရယ် သူငယ်ချင်းတွေပြောတာ မခံချင်ဘူး” တဲ့။ သားအပြောမှာ ကျွန်မမျက်နှာတွေထူအမ်းပြီး ဘာဆက်ပြောရမယ်ဆိုတာ စကားလုံး ရှာမရပါဘူးလို့ မခင်နုကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေ မြန်မာပြည်ကနေထွက်ခွာသွားကြချိန်မှာ အလုပ် လက်မဲ့ဖြစ်ခဲ့ရသူ သောင်းနဲ့ချီရှိခဲ့ပြီး မခင်နုလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

မခင်နုတို့မိသားစုဟာ ၂၀၀၈ နာဂစ်ဖြစ်ပြီး နောက်ပိုင်းကာလမှာ ရန်ကုန်ကို ပြောင်းရွှေ့ လာခဲ့ကြပြီး လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်ရပ်ကွက်ထဲမှာ တဲထိုးနေထိုင်ရင်း စက်ရုံ အလုပ်ကို ဝင်ရောက်လုပ်ကိုင်ကာ မိသားစုဝမ်းစာရှာခဲ့ကြတာပဲ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ဖြစ်ချိန်မှာ အဝတ်လျှော်၊ ရေထမ်းနဲ့ ဟင်းသီးဟင်းရွက်ခူးရောင်း၊ တိုက်ပုံ လက်ချုပ်လိုက် စတဲ့ အလုပ်မျိုးစုံလုပ်ခဲ့ပေမယ့် မိသားစု လေးယောက် ထမင်းနပ်မှန်ဖို့ မလွယ်ခဲ့ပါဘူး။အဲဒါကြောင့်ပဲ အသက် ၂၅နှစ်သာရှိသေးတဲ့ မခင်နုဟာ ငွေရလွယ်တဲ့ အလုပ်ကို ခန္ဓာကိုယ်ရင်းပြီး လုပ် ဆောင်ခဲ့ပါတယ်။

“ကျွန်မ အလုပ်မျိုးစုံလုပ်ပြီး အမေရယ်၊ ညီမလေးရယ်နဲ့ သားအတွက် တောင့်ခံ ခဲ့ပါသေးတယ်။ နောက်တော့ အနည်းငယ်ပြင်ဆင်ပြီး လမ်းဘေးမှာ မတ်တပ်ရပ်၊ ခေါ်သူလာရင် ငွေရတဲ့ အလုပ်ကို လုပ်လိုက်ရတာပါ”

မခင်နုဟာ sex worker (ပြည့်တန်ဆာ) အလုပ်ကို စလုပ်ချိန်က လူမမြင်ချိန် ညပိုင်းမှာလုပ်ခဲ့ပြီး အခုနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်မားလာကာ ဝင်ငွေရဖို့ပိုလိုအပ်တဲ့အတွက် နေ့ဘက်တွေမှာပါ ကားလမ်းဘေးမှာရပ်ပြီး လူရှာရပါတော့တယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ညည့်နက်ရင် မထွက်ရတဲ့ ညမထွက်ရ အမိန့်တွေကြောင့်လည်း ညဦးပိုင်းမှာ ဖောက်သည်မရခဲ့ရင် အဲဒီ့နေ့မှာ ငွေမရဘဲ အိမ်ပြန်ရတယ်လို့ မခင်နုက ပြောပါတယ်။

၁၉၄၉ ပြည့်တန်ဆာ ဥပဒေအရလည်း မခင်နုတို့ဟာ အလုပ်ကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ခွင့်မရှိပါဘူး။ နောက်ပြီး ဖုန်းတစ်လုံးကောင်းကောင်းမရှိတဲ့ မခင်နုတို့ဟာ အွန်လိုင်းကနေ ဖောက်သည်ရှာတာမျိုးလည်း မလုပ်နိုင်လို့ လုပ်ကိုင်ရှာဖွေရတာ ပိုမိုခက်ခဲပါတယ်။

“sex chat ပေးရုံနဲ့ တစ်နာရီ သုံးသောင်း၊ လေးသောင်းရနေကြချိန်မှာ ကျွန်မတို့က ဖုန်းကောင်း ကောင်းလည်း မကိုင်နိုင်တော့ အွန်လိုင်းကနေ ငွေဝင်ပေါက်မရှိပါဘူး”

ဒါ့အပြင် မခင်နုရဲ့ အလုပ်ကို သူတို့နေထိုင်တဲ့ ကျူးကျော်ပတ်ဝန်းကျင်က မသိအောင် သတိထားလုပ်ကိုင်နေရတာကြောင့် မခင်နုမှာ အလုပ်မတွင်ကျယ်ဘူးလို့လည်း သိရပါတယ်။

“အိမ်တွေကအကုန်ပြွတ်သိပ်ညှပ်နေပြီး ကျွန်မ ဒီလုပ်ငန်းလုပ်တာကို ပတ်ဝန်းကျင် သိလို့မရဘူး။ အမေနဲ့ သား မျက်နှာဖော်နိုင်မှာမဟုတ်တော့ဘူး။ ညီမလေးလည်းရှိတော့ သူပါ ရောပြီး နာမည်ပျက်မှာ စိုးရပါတယ်။ ဒါပေမယ့် အိမ်ကတော့ ရိပ်မိပါတယ်။ ကျွန်မတို့မှာလည်း ဖွင့်လည်းမပြောနိုင်နဲ့ တအားရှက်ရပါတယ်”

မခင်နုရဲ့အမျိုးသားဟာ မခင်နုတို့မိသားစုကို လုပ်ကိုင်ကျွေးမွေးလိုစိတ်မရှိတော့တဲ့ အတွက် ၂၀၁၉ ကိုဗစ်ကာလမတိုင်ခင်ကတည်းက အိမ်ကနေထွက်ပြေးသွားခဲ့တာပါ။

“ဒီလုပ်ငန်းစလုပ်တော့ ကျွန်မအတော်လေးစဉ်းစားပါသေးတယ်။ ဒါပေမယ့်ရွေးစရာ မရှိတော့ဘူး။ အကုန်ငတ်ကုန်မှာတော့ ကျွန်မကြည့်မနေနိုင်ဘူး။ အဆိုးဆုံးတွေဟာ ဒီထက်ပိုပြီး မရှိတော့ဘူးဆိုပြီး ကျွန်မလမ်းဆုံးကိုရွေးလိုက်ပါတယ်” လို့ မခင်နုက ပြောပါတယ်။

အဲ့ဒီလို အဆိုးဆုံးထဲမှာမှ အဆိုးတွေထပ်ရှိနေတယ်ဆိုတာ မခင်နုကကြိုမသိခဲ့ပါဘူး။ တစ်ညမှာ မခင်နုကို အမျိုးသား လေးဦးက အလုပ်လုပ်ဖို့ တည်းခိုရာ အိမ်တစ်လုံးကိုခေါ်သွားပါတယ်။ အဲဒီ့အိမ်ကို အရောက်မှာပဲ မခင်နုဆီက အဝတ်အစားတွေအကုန်ချွတ်ယူပြီး မျိုးစုံသော လိင်မှုကိစ္စတွေကို ကျူးလွန်ကြပြီး မခင်နုကို အဝတ်အစားတွေပြန်မပေးတဲ့အပြင် ပိုက်ဆံလည်း တစ်ပြားမှမပေးဘဲ ၅ ရက်ခန့် ချုပ်နှောင်ထားခဲ့တယ်လို့ မခင်နုဆီက ပြန်လည်သိရပါတယ်။

“သူတို့အလစ်အငိုက်ဖြစ်ချိန်မှာ မခင်နုဟာ ပတ်ဝန်းကျင်ကို အော်ဟစ်အကူ အညီ တောင်းလို့ ငရဲခန်းကနေလွတ်မြောက်ခဲ့ရတယ်”လို့ မခင်နုကဆိုပါတယ်။

နောက်ထပ်ကြောက်ရတာတစ်ခုက ရဲနဲ့ စစ်သားတွေလို့ မခင်နုက ဖြေပါတယ်။ ရဲတွေဟာ ကွန်တိန်နာအဟောင်းတွေထဲ ခေါ်သွားပြီး အုပ်စုဖွဲ့ လိင်မှုကိစ္စပြုလုပ်ကြသလို စစ်သား တွေနဲ့တွေ့ရင်လည်း ၄ရက်၊ ၅ရက်လောက်အိမ်မပြန်ရဘဲ ငွေကြေးလည်း တစ်ပြား တစ်ချပ် မျှမရဘူးလို့ မခင်နုကပြောပါတယ်။

အထိန်းခေါင်း(ပြည့်တန်ဆာခေါင်း) မထားတဲ့ မခင်နုဟာ ရဲနဲ့ စစ်သားအချို့ကိုတော့ လိုင်းကြေးပေး ရတယ်ပြောပါတယ်။ တစ်ခါ‌အလုပ်လုပ်ဖို့ခေါ်ရင် နှစ်သောင်းမှ သုံးသောင်းဝန်းကျင်ရတဲ့ မခင်နုတို့တစ်တွေဟာ လိုင်းကြေးကိုလည်း အပတ်စဉ် သောင်းနဲ့ချီ ရှင်းပေးရတယ်လို့ သိရပါတယ်။

မခင်နုတို့ရဲ့ အလုပ်ဟာ အခုနောက်ပိုင်းမှာ အတော်လေးပါးလာပြီး ဝင်ငွေမရှိရင်လည်း လိုင်းကြေး ကိုတော့ ပုံမှန်ပေးရပါတယ်။ ပုံမှန်မပေးခဲ့ရင်တော့ အဖမ်းခံထိရင်ထိ၊ မဖမ်းဘဲ တွေ့တဲ့အခါကျရင် အုပ်စုဖွဲ့ လူမဆန်အောင် နှိပ်စက် ဆက်ဆံတယ်လို့ သိရပါတယ်။

“နာရီနဲ့ ငွေရတဲ့ KTV တို့ မာဆတ်တို့မှာ လုပ်ချင်ပေမယ့် သူတို့က အပျို ၁၆၊ ၁၈ပတ်ချာလည်လေးတွေပဲခေါ်ချင်တာ။ အိမ်တွေကျတော့လည်း ခေါင်းက သုံးပုံနှစ်ပုံ ဖြတ်စားတော့ ကျွန်မတို့အတွက်အဆင်မပြေဘူး” လို့ မခင်နုကပြောပါတယ်။

အလုပ်အကိုင် အတည်တကျရဖိုဆိုတာကလည်း စက်ရုံ၊ အလုပ်ရုံအများစုဟာ မြန်မာပြည် ကနေထွက်ခွာနေပြီး ရှိတဲ့အလုပ်ရုံတွေမှာလည်း အလုပ်လိုအပ်သူများ တိုးကြိတ် စောင့်ဆိုင်း နေရတဲ့အတွက် မခင်နုမှာ ဒီအလုပ်ကို လက်လွှတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“အိမ်လစာလည်း မပေးရတဲ့အတွက် ကျူးကျော်ရပ်ကွက်ကနေပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူး။ ကျွန်မဘာလုပ်တယ်ဆိုတာ သိတော့သိကြမှာပါ။ သိသာသိစေ၊ မမြင်စေနဲ့ဆိုသလို ကျွန်မဘက်က အသံမထွက်အောင်နေရပါတယ်။ တစ်အိမ်က လေလည်သံကို နောက်တစ်အိမ်ကြားနေရတဲ့ အခြေအနေမှာ ကြာရှည်လျှို့ဝှက်လို့တော့ မရဘူးပေါ့။ ကုန်ဈေးနှုန်းတက်တာနဲ့ ကျွန်မ အိမ်လခပါတိုးရှာဖို့မလွယ်ဘူး” ဟု မခင်နုက သူရင်ဆိုင် နေရတဲ့ အခက်အခဲကိုပြောပြပါတယ်။

မခင်နုလိုပဲ အလုပ်လက်မဲ့ဖြစ်ပြီး ပြည့်တန်ဆာလုပ်ခဲ့ရသူကတော့ ကဗျာလို့ သူ့ကိုယ်သူ အမည်ပေးထားတဲ့ အသက် ၂၀ အရွယ်အမျိုးသမီးလေးပါ။

ကဗျာရဲ့ အဖေဖြစ်သူနဲ့ အမေဖြစ်သူတို့ ချဲမှုနဲ့ ထောင် ၃ နှစ်စီချခံလိုက်ရချိန်မှာ အဖွားဖြစ်သူနဲ့ မသန်စွမ်းဖြစ်နေရှာတဲ့အစ်ကိုဖြစ်သူကို လုပ်ကိုင်ကျွေးမွေးဖို့အတွက် ပြည့်တန်ဆာ အလုပ်ကို ရွေးခဲ့တယ်လို့ သူကဆိုပါတယ်။

ကဗျာတို့က နိုက်ကလပ်နဲ့ ဘားတွေမှာ သွားပြီး ငွေရှာတယ်လို့ သိရပါတယ်။ အများစု ကတော့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး ငွေအချို့ကို ခိုးယူပြီး ထွက်ပြေး တာတွေပါလုပ်ခဲ့ရတယ်လို့ ကဗျာကပြောပါတယ်။

“ဆေးခြောက်နဲ့ မူးယစ်ဆေးအချို့ကို နိုက်ကလပ်နဲ့ ဘားအချို့ကနေဝယ်ပြီး အလုပ် လုပ်မယ့် ဟိုတယ်ကို ဖောက်သည်ကိုခေါ်သွားတယ်။ မူးပြီးအိပ်တော့မှ ပိုက်ဆံတွေကို မ တာ။ အဲဒါလည်း အမြဲမလွယ်ပါဘူး။ တချို့က ပိုက်ဆံမပေးဘဲ ခြိမ်းခြောက်လို့ တက္ကစီခ ရှုံးတာ တွေလည်းကြုံရပါတယ်” လို့ ကဗျာက ဆိုပါတယ်။

ကဗျာတို့လို လူမျိုးတွေဟာ တစ်ပတ်ကို သိန်းနဲ့ချီရလို့ ဒီလုပ်ငန်းထဲက ရုန်းထွက်ဖို့ မလွယ်ဘူးလို့ သိရပါတယ်။

“အခုလိုအလုပ်အကိုင်ပါးရှားပြီး ကဗျာတို့လို ပညာလည်းမတတ်တဲ့သူတွေက တစ်လလုံး စက်ရုံသွားဆင်းမှ တစ်သိန်းကျော်လေးရမှာ။ အဆင်မပြေဘူး။ အဖေနဲ့ အမေကိုလည်း ထောင်ဝင်စာပို့ဖို့ကရှိသေးတယ်။ အဖွားနဲ့ အစ်ကိုကလည်းဆေးကုရတယ်” လို့ ကဗျာက ပြောပါတယ်။

ကဗျာတို့လို့ ငယ်ရွယ်တဲ့ အမျိုးသမီးတွေကတော့ နိုက်ကလပ်ဝင်ကြေးနဲ့ ဘားစားပွဲ ဝိုင်းကြေးကို အဓိကရှာရပြီး ရဲလိုင်းကြေးလည်း ပေးရတယ်လို့ ဆိုပါတယ်။

အခုလို ပြည့်တန်ဆာလုပ်ငန်းတွေကို ဥပဒေအရ အကာအကွယ်ပေးနိုင်ခြင်းမရှိတဲ့အပြင် အာဏာပိုင် အဖွဲ့အစည်းတွေကပါ ပြန်လည်ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီး လုပ်သားအများစုဟာ အလုပ်လက်မဲ့ ဖြစ်လာကြပြီး ကြုံရာကျပန်းအလုပ်တွေအပြင် ရွေးချယ်စရာမရှိတော့တဲ့ အခြေ အနေမှာ အခုလို ပြည့်တန်ဆာအလုပ်တွေကို ရွေးချယ်လုပ်ကိုင်လာရတာ ဖြစ်ပါတယ်။

မခင်နုတစ်ယောက် အလုပ်သွားဖို့အတွက် ဖီးလိမ်းပြင်ဆင်နေစဉ်မှာပဲ သားဖြစ်သူက ငိုမဲ့မဲ့နဲ့ အခုလို မေးလာပါတယ်။

“အမေ…ဒီညလည်း အိုတီဆင်းရဦးမှာလား”

#အမေဒီညအိုတီဆင်းရဦးမှာလား #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင် နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုး သမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစား သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိ ပေးအပ်ပါသည်။)