
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသည့်အတွက် တောင်သူများစပါးစိုက်ပျိုးရန် အခက်ကြုံနေရကြောင်းဒေသခံများထံက သိရသည်။
ကန်ကြီးထောင့်မြို့အနီး ကျေးရွာများဖြစ်သော ဝါးဒူး၊အနောက်စု၊ပုလဲကူးနှင့်ကျုံပဒုတ် စသည့်ကျေးရွာများ၌ တော်လှန်ရေးအင်အားစုများ ရွာအတွင်းသို့ ခိုအောင်းနေသည်ဟုဆိုကာစစ်ကောင်စီတပ်မှ အင်အား ၃၀ ကျော်ဖြင့် ပြီးခဲ့သည့်မေလ၂၄ရက်နေ့ နံနက်ပိုင်းကစပြီး တပတ်ကြာစစ်ကြောင်းထိုးနေကြောင်း ကျေးရွာဒေသခံများထံကသိရသည်။
“ ပုသိမ်ကတပ်တွေရွာထဲကိုရောက်နေတယ်။ PDFတွေ ရွာအနားကိုရောက်နေလို့နယ်မြေရှင်းလင်းရေးဆိုပြီးတော့ စစ်ကြောင်းထိုးနေတာတဲ့။ စစ်သားအသစ်တွေလည်းပါတယ်။ အယောက်၃၀ကျော်လောက်ရှိမယ်။ ရွာတွေကကပ်နေတာဆိုတော့ တစ်ရွာပြီးတစ်ရွာစစ်ကြောင်းထိုးလို့ရတယ်။ သူတို့(စစ်တပ်)နားရင်ဘုန်းကြီးကျောင်းနဲ့ အုပ်ချုပ်ရေးမှူးရုံးရယ်မှာနားတာတွေ့ရတယ်”ဟု အနောက်စုကျေးရွာ ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာဒေသခံများမှာစိုးရိမ်နေပြီး မိုးစပါးစိုက်ပျိုးရန်အတွက် ပျိုးကြဲရန်နှင့်စပါးစိုက်ပျိုးရန်အတွက်အခက်ကြုံနေရကြောင်းစပါးစိုက်တောင်သူများက ပြောသည်။
“ တခါမှစစ်ကြောင်းဝင်တယ်ဆိုတာမရှိဘူးလေ။ အခုလိုကြီးရုတ်တရက်ရောက်လာတာဆိုတော့လန့်တာပေါ့။စပါးပျိုးကြဲမှုသူတွေဆိုမကြဲရဲတော့ဘူးအိမ်တန်းပြန်ကြတာ ကောက်စိုက်နေတဲ့သူတွေဆိုအခုထိ မစိုက်ရဲဘူးဖြစ်နေတယ်။ လူငယ်အမျိုးသားတွေဆို ရှောင်တဲ့သူလည်းရှောင်နေရတယ်”ဟု ဝါးဒူးကျေးရွာဒေသခံတောင်သူတစ်ဦးကဆိုသည်။
ကန်ကြီးထောင့်မြို့နယ်တွင်စစ်ကောင်စီတပ်မှစစ်ကြောင်းထိုးဝင်ရောက်မှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်ကတော်လှန်ရေးအင်အားစုများကို ဖမ်းဆီးရန်ဆိုကာစစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှအင်အားအနည်းငယ်ဖြင့်သာ ရှာဖွေခဲ့ကြောင်း ဒေသခံကျေးရွာသားများ၏ ပြောဆိုချက်အရသိရသည်။
အလားတူဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်ဧပြီလနှင့်မေလအတွင်း ရခိုင်ရိုးမနှင့် ထိစပ်ဒေသများ၌လည်း အာရက္ခတပ်တော်(AA)များရောက်ရှိနေသည်ဟုဆိုကာ စစ်ကြောင်းထိုးတပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။
#ကန်ကြီးထောင့် #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံတောင်သူများ #စပါးစိုက်ရန်အခက်ကြုံ #Ayeyarwaddy_Times