
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီနှင့် အာရက္ခတပ်မတော် (AA) တို့၏ တိုက်ပွဲများအတွင်း အရပ်သားပြည်သူ ၂၆၈ ဦးသေဆုံးပြီး ၆၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ULA/AA ၏ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူး ပေါင်းဆောင်ရွက် ရေးရုံး (HDCO) က ရခိုင်တိုက်ပွဲအတွင်း သေဆုံးသည့် အရပ်သားပြည်သူများနှင့် ထိ ခိုက်ဒဏ်ရာရရှိသူများ စာရင်းကို ယမန်နေ့ မေလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိခိုက် သေဆုံးသူအများစုမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် စစ်ကြောင်းထိုး ဝင်ရောက်ပြီး သတ်ဖြတ်ခံရမှုနှင့် မြေမြုပ်မိုင်း အန္တရာယ်များကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီက တပ်တော်သိမ်းထားတဲ့ ဒေသတွေကို တိုက်ပွဲပြင်းထန် နေတဲ့ မောင်တော၊ သံတွဲနဲ့ အမ်းတို့မှာလည်း လေကြောင်းတိုက်ခိုက်မှု အများဆုံးပြု လုပ်နေတယ်။ စစ်တွေမှာ သေဆုံးသွားတဲ့သူ အများစုက စစ်တွေဈေးထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ သေဆုံးတာရယ် စစ်ရှောင်ရင်း မိုင်းကွင်း ဖြတ်နင်းမိလို့ သေတာများတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူစာရင်းတွင် မင်းပြားမြို့နယ်သည် သေဆုံးသူဦးရေ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှ မြို့ နယ် ၁၈ မြို့နယ်ရှိ သေဆုံး၊ ထိခိုက်ဒဏ်ရာရစာရင်းများကို ဖော်ပြထားသည်။
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ဂွ၊ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ ပေါက်တောမြို့နယ်တို့မှ သေဆုံးဒဏ်ရာရနှင့် ဖမ်းဆီးခံရသူများစာရင်းကို ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း HDCO ထံက သိရသည်။
သေဆုံးသူအများစုမှာ ရခိုင်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ၁၈၂ ဦးအထိ ရှိကာ အစ္စလာမ် ဘာသာဝင် ၇၈ ဦး၊ မြို သုံးဦး၊ ဗမာ နှစ် ဦး၊ ခူမီး နှစ် ဦးနှင့် မရာမာကြီး တစ် ဦးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
HDCO က ထုတ်ပြန်ထားသည့်အချက်အလက်များသည် ရခိုင်ပြည်တွင်း တကျော့ပြန် တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ မေ ၁၃ ရက်နေ့အထိ ပြုလုပ်ထားသည့် စာရင်းများဖြစ်ကြောင်း သိရသည်။
ပုံစာ- ကျောက်တော် ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်စဥ်
#ရခိုင် #စစ်ကောင်စီ #AA #တိုက်ပွဲ #အတွင်း #ပြည် သူ #၉၀၀ ကျော် #ထိခိုက် #သေဆုံး
#Ayeyarwaddy_Times