ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်

၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီကဖွင့်လှစ်သည့် ပညာရေး ကျောင်းပေါင်း ၂၇၅၄ ကျောင်းတွင် ကျောင်းအပ်နှံနိုင်ရေးကို တစ်ပြိုင်တည်း ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၃ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံရှိ စစ်ကောင်စီကဖွင့်လှစ်သည့် ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ International Schoolနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံရေးကို တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျောင်းအပ်နှံရေး ဆောင်ပုဒ်နဲ့အညီကျောင်းသားတွေကို လက်ခံပေးနေပါတယ်။ အစိုးရ(စစ်ကောင်စီ) ကထောက်ပံ့တဲ့ ဗလာစာအုပ်၊ ဖတ်စာအုပ်၊ ခဲတံနဲ့ ကျောင်းဝတ်စုံ တစ်စုံတို့ကိုလည်း ကျောင်းအပ်နှံတဲ့ ကျောင်းသူ၊ ကျောင်းသားတိုင်းကို ပေးအပ်မှာပါ” ဟု ဒဂုံတောင်မြို့နယ် မူလတန်းကျောင်းမှ ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို‌ ပြောသည်။

ကျောင်းအပ်နှံရေးကို မေ ၂၃ရက်မှ ဇွန် ၂ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြစို့ ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးကိုလက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် ၁၄ခု၊ မြို့နယ် ၄၅ ခုတွင် မူလတန်းကျောင်း ၁၆၈၀ ၊ အလယ်တန်းကျောင်း ၆၆၅ကျောင်း၊ အထက်တန်းကျောင်း ၄၀၉ကျောင်း စုစုပေါင်း အခြေခံပညာရေးကျောင်းပေါင်း ၂၇၅၄ကျောင်းနှင့် အခြေခံပညာရေးသင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားသည့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (ဘကကျောင်း)များပါ ကျောင်းအပ်နှံရေးကို လုပ်ဆောင် နေကြောင်း ရန်ကုန်တိုင်း ပညာရေးမှူးရုံးက စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ဖြေကြားထားသည်။

စစ်ကောင်စီက အုပ်ချုပ်ခွင့်ရထားသည့် ဒေသများတွင် ယခုလာမည့် ဇွန် ၃ရက်နေ့မှစတင်၍ ကျောင်းများကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ပညာသင်နှစ်က ကမာရွတ်မြို့နယ်လေ့ကျင့်ရေး အထက်တန်း ကျောင်း တစ်ခုတည်းတွင်ပင် ကျောင်းသားပေါင်း ၃၅၂၂ဦး တက်ရောက်ခဲ့ပြီး ယခုနှစ်တွင် ကျောင်းသားဦးရေ ၄၀၀၀ ခန့် လာရောက်ကျောင်းအပ်နှံနိုင်ကြောင်း သိရသည်။

စစ်ကောင်စီက စစ်ရေးပြင်းထန်နေသည့် ပြည်နယ်များတွင်လည်း ၎င်းတို့အုပ်ချုပ် ခွင့်ရနေသည့် ဒေသများတွင် ကျောင်းများကိုဖွင့်ရန် ကြိုးစားလျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင်၊ ဂွ၊ ကျောက်ဖြူ၊ သံတွဲမြို့များတွင် ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။

ထို့အပြင် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် ဒေသများတွင် ကျောင်းအပ်နှံရေးကို တအာင်းပြည် ပညာရေးကောင်စီ (Ta’ang Land Education Council-TLEC) က ယခုလာမည့် ဇွန် ၁ ရက်နေ့မှ စတင်၍ လက်ခံမည်ဖြစ်ပြီး ဇွန် ၁၀ရက်နေ့တွင် ကျောင်းများစတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးအတွက် TNLA အုပ်ချုပ်နေသည့် ဒေသရှိ ကလေးများအား အထောက်အထားစာရွက်များမလိုအပ်ဘဲ ကျောင်းအပ်နှံသူကျောင်းသူ၊ ကျောင်းသား၏ အသက်အရွယ် အရည်အချင်းနှင့်ကိုက်ညီသည့် အတန်းတွင် ကျောင်းအပ်လက်ခံသွား မည်ဖြစ်ကြောင်း နမ္မတူမြို့နယ်ရှိ အလယ်တန်းပြကျောင်းအုပ်တစ်ဦးက ဆိုသည်။

ပုံစာ-ကျောင်းအပ်လက်နေသည့် မြင်ကွင်း
#ရန်ကုန် #စစ်ကောင်စီ #ကျောင်းအပ်လက်ခံ #အခြေခံပညာကျောင်း #၂၇၅၄ကျောင်း #Ayeyarwaddy_Times