ဧရာဝတီတိုင်းမ်
(တီးတိန်)၊ မေ ၂၈ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့်အရပ်သား နေအိမ် ၃၀ ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံက သိရသည်။

တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ နာရီစင်အနီး အရပ်သားများ နေထိုင်သည့် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ မေလ ၂၇ ရက်နေ့ ညနေ ၄ နာရီနှင့် ညနေ ၆ နာရီဝန်းကျင်တွင် စုစုပေါင်း နှစ်ကြိမ်မီးရှို့ခဲ့ပြီး မီးငြိမ်ပေးမည့်သူများ မရှိသည့်အတွက် တစ်အိမ်နှင့် တစ်အိမ် မီးများကူးစက်ပြီး မီးလောင်ပြာကျသွားခြင်းဖြစ်သည်။

“မနေ့ ညနေ ၄ နာရီလောက်က မီးရှို့တုန်းက မြို့မရက်ကွက်က နေအိမ် ငါးလုံး မီးလောင်သွားပြီး ညနေ ၈ နာရီလောက်မှာ မီးထပ်ရှို့တော့ နာရီစင်အနီးတစ်ဝိုက်က နေအိမ်တွေ မီးလောင်တယ်။ မီးက ငြိမ်မယ့်လူမရှိတော့ တစ်အိမ်နဲ့ တစ်အိမ်ကူးစက်ပြီး မီးလောင်သွားတယ်။ မနေ့ ညနေ ၁၁ နာရီနဲ့ ၁၂ လောက်မှာ ရွာတဲ့ မိုးကြောင်း မီးငြိမ်းသွားပါတယ်။ စုစုပေါင်း နေအိမ် ၃၀ ကျော်က ပြာကျသွားတယ်။”ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မီးလောင်မှုကြောင်း မြို့မရပ်ကွက်တွင်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် အရပ်သား နေအိမ် ၃၀ ကျော် မီးလောင်ပြာကျသွားသည်။

ယမန်နေ့ မေလ ၂၇ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီက လွယ်ဘွာလ် ရပ်ကွက်ကို လေကြောင်း တိုက်ခိုက် ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

တီးတိန်မြို့အနီးရှိ စစ်ကောင်စီ၏ မိုက်ခရိုဝေ့စ် တပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း) ပူးပေါင်းတပ်က ယမန်နေ့ မေလ ၂၇ ရက်နေ့အစောပိုင်းက သိမ်းပိုက်ရရှိထားပြီး နတလ ကျောင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုက်ခရိုဝေ့စ် တပ်စခန်းကုန်းကို မေလ ၂၆ ရက်နေ့ ညနေ ၁၀ နာရီလောက်က တိုက်တယ်။ မနေ့ မေလ ၂၇ ရက်နေ့ ၄ နာရီလောက်မှာ စခန်းကိုရတယ်။ စစ်သားတွေကိုလည်း အရှင်ဖမ်းဆီးရမိတယ်။ နတလ ကျောင်းမှာ လုံခြုံရေးယူတဲ့ စစ်သားတွေလည်း တိုက်ခိုက်ခံရတယ်။ မနေ့ မနက်ပိုင်းလောက်မှာ အဲ့ကျောင်းက စစ်သားတွေက မနေရဲတော့ဘဲ မြို့ထဲက ရဲစခန်းကို ထွက်ပြေးသွားကြတယ်။”ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိ တီးတိန်မြို့တွင် စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်စခန်းကုန်းနှင့် ရဲစခန်း စသည့် နှစ်ခုသာကျန်ရှိပြီး စစ်ကောင်စီ၏ မိုက်ခရိုဝေ့စ် တပ်စခန်းကို PDF(Zoland)ပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

#တီးတိန်မြို့#စစ်ကောင်စီမီးရှို့ဖျက်ဆီးမှု #အရပ်သား #နေအိမ်၃၀ကျော်မီးလောင် #Ayeyarwaddy_Times