ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ မေ ၂၇ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံ နှစ်ရာနီးပါးသည် တစ်လကျော်ကြာ ပိတ်မိနေကြောင်း ဒေသခံများထံက သိရှိရသည်။

ပလက်ဝမြို့နယ်မှ ဒေသခံ ၁၇၃ ဦးသည် ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့သို့သွားရန် ထွက်ခွါလာစဉ် တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ဖြတ်ကျော်ခွင့်မပေးဘဲ ယနေ့ထိ ပိတ်မိနေခြင်းဖြစ်သည်။

“ပလက်ဝကနေ ရန်ကုန်သွားကြတာဖြစ်တယ်။ အခု တောင်ကုတ်မှာ တစ်လကျော်သွားပြီး ပိတ်မိနေတာ။ ကလေးတွေအများကြီးပါတယ်။ စားစရာသောက်စရာ အတော် ဒုက္ခရောက်နေကြတယ်လို့ ပြောတယ်။ နေဖို့ထိုင်ဖို့ကတော့ အဲ့ဒီက ဘုရားကျောင်းတွေမှာနေကြတယ်လို့ပြောတယ်။ တချို့က တည်ခိုခန်းတွေမှာ နေကြတယ်။ သူတို့သွားတဲ့ လမ်းကြောင်း တိုက်ပွဲဖြစ်နေလို့ မသွားခိုင်းတာလို့ ကြားတယ်။ သောက်ရေတွေကအစ ခက်ခဲတယ်လို့ သိရပါတယ်။”ဟု ပိတ်မိသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ပိတ်မိနေသူများတွင် ကျောင်းသူ၊ကျောင်းသားများနှင့် ကလေးအများပြားပါဝင်နေပြီး ၎င်းတို့သည် တောင်ကုတ်မြို့ရှိ ခရစ်ယာန် နှစ်ခြင်းဘုရားရှိးခိုးကျောင်း၊ ကစ်သလစ်ဘုရားရှိးခိုးကျောင်းနှင့် တည်းခိုခန်းတို့တွင် တည်ခိုနေရကြောင်း ရက်ကြာလာသည့်နှင့်အမျှ စားသောက်ရေးအတွက် အခက်ခဲရှိနေကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့သွားရာ လမ်းကြောင်းဖြစ်သည့် သံတွဲမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ၎င်းတို့ကို သွားခွင့်မပြုခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လေးလ ကျော်ကြာ မည်သည့် တိုက်ပွဲမှ မရှိသော်လည်း ဒေသခံအများစုသည် အစုလိုက်အပြုံလိုက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုသည် တစ်ရက်ထက်တစ်ရက် ပိုများလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#တောင်ကုတ်မြို့ #ပလက်ဝဒေသခံ #နှစ်ရာနီးပါး #တစ်လကျော်ကြာပိတ်မိ #Ayeyarwaddy_Times