
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
စစ်ကောင်စီသည် စီးပွားရေးအရ အရေးပါသည့် ပြည်ထောင်စုဝန်ကြီး တာဝန်များပေးခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို တာဝန်မှအနားပေးကြောင်း မေ ၂၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ ဦးအောင်နိုင်ဦးသည် ဦးသိန်းစိန်အစိုးရလက်ထက်၊ ဒီမိုကရေစီအစိုးရ NLD လက်ထက်၊ ယခု အာဏာသိမ်းစစ်ကောင်စီ စသည့် ခေတ်အဆက်ဆက်တွင် စီးပွားရေးနှင့်သက်ဆိုင်သည့်ဌာနများ၊ နိုင်ငံတကာစီးပွား ရေးဆိုင်ရာ ကိစ္စရပ်များတွင် တာဝန်ယူလုပ်ကိုင်ခဲ့သူဖြစ်သည်။
“ဒီလိုနှစ်ရှည် အလုပ်လုပ်ခဲ့သူကိုတောင် ပြောင်းလဲ ပစ်လိုက်တာ။ သူတို့ရဲ့ ငွေကြေးအရှုပ်တော်ပုံကြီးက အတော်ကြီးမားနေပြီ။ သူ့ကိုဆွဲချနိုင်မယ့်သူမှန်သမျှကို အကုန်အပြတ်ရှင်းနေတာကို မြင်ရတယ်။ နောက်ထပ်လည်း ဘယ်သူတွေ ရွေ့မလဲမသိဘူး။ သူတို့တင်လားဆိုတော့ စစ်ဘက်ဆိုင်ရာမှာလည်း အပြောင်း အလဲတွေ လုပ်ထားသေးတယ်။ လုပ်လို့ကို မပြီးတော့တာ”ဟု စစ်တပ် အရာရှိတစ်ဦးက ဧရာတီတိုင်းမ်ကို ပြောသည်။
ဦးအောင်နိုင်ဦးသည် ၁၉၈၁ မှ ၂၀၀၀ ပြည့်နှစ်အထိ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိတစ်ဦးဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ် ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာန DICA တို့တွင်လည်း ၂၀၁၂ ခုနှစ်အထိ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ထို့အပြင် ဒီမိုကရေစီအစိုးရ NLD လက်ထက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (DICA) တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး ထို့မှတဆင့် ၂၀၁၉ မတ်လတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဌာနသို့ ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ကာ ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဦးအောင်နိုင်ဦးကို ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် ခန့်အပ်ခဲ့ပြီး ၂၀၂၂ ဩဂုတ်လတွင် စစ်ကောင်စီအစိုးရအဖွဲ့တွင် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စု၀န်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုန်ဈေးနှုန်းကြီးမြင့်မှု အကြောင်းပြု၍ ၎င်း၏ လူယုံဖြစ်သူ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူ စစ်ဆေးခဲ့ပြီးနောက် ၂၀၂၃ အောက်တိုဘာတွင် အရေးယူခဲ့သည်။
ထိုသို့ အရေးယူပြီးနောက် ၂၀၂၃ စက်တင်ဘာတွင် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦးကို စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီတွင် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) သို့ ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် ဦးအောင်နိုင်ဦးကို စစ်ကောင်စီ၏ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းရွှေ ခဲ့ပြီး ၂၀၂၄ မေ ၂၇ တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ပုံစာ-စစ်ကောင်စီ၏ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး
#စစ်ကောင်စီ #စီးပွားရေး #ပြည်ထောင်စုဝန်ကြီးတာဝန် #ဦးအောင်နိုင်ဦး #အနားပေး #Ayeyarwaddy_Times