ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေ ၂၆ ရက်)

ဝမ်းကိုက်တယ်ဆိုတာ အူလမ်းကြောင်းပိုးဝင်ပြီး အချွဲတွေ၊ သွေးတွေပါဝင်တဲ့ ဝမ်းလျှောခြင်းဖြစ်ပါတယ်။ ဝမ်းကိုက်တဲ့ အခါမှာ ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဖျားခြင်းတွေကိုပါ ကြုံတွေ့ခံစားရတတ်ပါတယ်။

🟥ဝမ်းကိုက်ရောဂါ (Dysentery)

ဝမ်းကိုက်ရခြင်းက ဘက်တီးရီးယားပိုး‌အပါအဝင် အခြားအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပေမယ့် အဓိက ဖြစ်ပွားတာကတော့ Entamoeba histolytica အမီးဘားလို့ ခေါ်တဲ့ ကပ်ပါးပိုးတစ်မျိုးဖြစ်တဲ့ ဝမ်းကိုက်ပိုးကြောင့် ဖြစ်ပါတယ်။

🟥ဝမ်းကိုက်ပိုးဝင်ခြင်း

ကျွန်တော်တို့တွေဟာ ကပ်ပါး ဝမ်းကိုက်ပိုးတွေ ကပ်တွယ်နေတဲ့ အစား အသောက်တွေကို စားမိတဲ့အခါ နှစ်ပတ်အတွင်း ရောဂါလက္ခဏာတွေ ပြပါတယ်။ အချို့မှာလည်း ရောဂါ လက္ခဏာမပြဘဲ ပြန်ကောင်းသွားကြသူတွေ ရှိသလို ဝမ်းကိုက်ပိုးကို ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများ သယ်ဆောင်ထားကြတာလည်း ဖြစ်နိုင်ပါတယ်။

ပြင်းပြင်းထန်ထန် အူရောင်အူနာဖြစ်ခြင်း၊ အူအကာမြှေးရောင်ရမ်းခြင်း၊ ဝမ်းကိုက်ပိုးကြောင့်အသည်းပြည်တည်ခြင်းလို အူပြင်ပသို့ ဝမ်းကိုက်ပိုးပျံ့သွားခြင်းတွေကို လူနာတွေမှာ တွေ့ရှိရပါတယ်။

🟥ဝမ်းကိုက်ပိုးကြောင့်အူမကြီးရောင်ရမ်းခြင်း

ဝမ်းကိုက်ပိုး‌တွေဟာ အစာနှင့်အတူ အစာအိမ်အူလမ်းကြောင်းတစ်လျောက် ဝင်ရောက် လာပါတယ်။ ပိုးကောင်‌တွေ‌ပွားများ ပေါက်ဖွားလာပြီး အူမကြီးအတွင်း အူနံရံ‌ကို ထိုးဖောက်ကပ်တွယ်ပါ‌တော့တယ်။

တစ်ပတ် နှစ်ပတ်အတွင်း အူရောင်ရမ်း ခြင်းဖြစ်ပြီး ချွဲတွေ၊ သွေးတွေကို ဝမ်းနှင့်အတူ စွန့်ထုတ်လိုက်ပါတယ်။အဲ့ဒီအခါမှာ ဝမ်းလျှော ၊ ဗိုက်အောင့်၊ ဝမ်းဗိုက်ကိုက်ခဲနာကျင်ခြင်းတွေ ဖြစ်ပေါ်ကာ ကိုယ်အလေးချိန်ကျဆင်း ပိန်ချုံးသွားတတ်ပြီး ပါးစပ်ပျက် အစားအသောက်မဝင်ခြင်းတွေကိုပါ ယှဉ်တွဲပြီးခံစားရပါတယ်။

လူနာအချို့မှာတော့ ဖျား‌တတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ပိုးသတ်ဆေးကို ရက်အတိအကျ အပြည့်အဝတိုက်ကျွေးကုသရမှာဖြစ်ပါတယ်။

ဝမ်းပိတ်ဆေးပေး ကုသခြင်းကို လုံးဝ လုပ်ဆောင်လို့မရတဲ့ ရောဂါဖြစ်ပါတယ်။

ဝမ်းကိုက်ပိုးဟာ အမြစ်ပြတ်ကုသလို့ ပျောက်ကင်းတဲ့ ရောဂါဖြစ်တာကြောင့် စနစ်တကျ ကုသသင့်ပါတယ်။ အူမကြီးရောင်ဝမ်းကိုက်ရောဂါ နာတာရှည်ဖြစ်လာပါက အူရောင်အူနာ inflammatory bowel disease (IBD) ကဲ့သို့ခံစားရနိုင်ပါတယ်။

ကလေးငယ်များ အူမကြီးရောင်ရမ်းတဲ့အခါ ဝမ်းမလျှောဘဲ (စအိုမှသွေးယိုခြင်း) သွေးဝမ်းသွားခြင်း တွေကိုလည်းကြုံရတတ်ပါတယ်။

🟥ဝမ်းကိုက်ပိုးကြောင့်အသည်းပြည်တည်ခြင်း (Amebic Liver Abscess)

ဝမ်းကိုက်ပိုးကြောင့် အသည်းပြည်တည်နာ ဖြစ်ရတယ်ဆိုရင် အများစုက ထိတ်လန့် သွားပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဝမ်းကိုက်ရောဂါကိုပိုးသတ်ဆေးဖြင့် ပျောက်ကင်းအောင်မကုသတဲ့အခါ ဝမ်းကိုက်ပိုးက အူလမ်းကြောင်းပြင်ပ ကိုယ့်ခန္ဓာအစိတ်ပိုင်းတွေကိုလည်း ဒုက္ခပေးနိုင် ပါတယ်။

အသည်းတည်ရှိရာ ဝမ်းဗိုက်နေရာအထိမခံနိုင်ခြင်း၊ ဗိုက်နာခြင်း၊ ညာဘက်ရင်ခေါင်း ပိုင်းနာခြင်း၊ ပခုံးထိပ်နာခြင်းတွေခံစားရတတ်ပါတယ်။ ဆရာဝန်နဲ့ ပြသစစ်ဆေးပြီး တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ယူမှ ပြည်တည်နေမှန်းကို ခန့်မှန်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်ဆရာဝန်နဲ့ပြသဖို့သိပ်ကိုအရေးကြီးပါတယ်။

ဆေးခန်းပြ နောက်ကျပြီး အနာပေါက်ကွဲသွားပါက ပြည်များပျံ့နှံ့ပြီးတော့ ဝမ်းဗိုက်တစ်ခုလုံးကိုဒုက္ခပေးနိုင်ပါတယ်။ အဆုတ်အမြှေးပါးနဲ့ အဆုတ်တွေကိုပါ ပျံ့နှံသွားနိုင်ပါတယ်။

အသည်းတွင်သာမကပဲ အဆုတ်အတွင်းမှာပါ ပြည်တည်နာဖြစ်သွားတဲ့အခါ စနစ်တကျ ကုသဖို့ ပိုပြီးလိုလာပါတယ်။ နှလုံးဖုံးလွှမ်းအမြှေးပါးကို ပျံ့နှံ့တဲ့အခါမှာဖြစ်စေ၊ သွေးကနေတစ်ဆင့် ဦးနှောက်ကို ပျံ့နှံ့သွားတဲ့အခါဖြစ်စေ လူနာမှာအသက်အန္တရာယ်ရှိနိုင်ပါတယ်။

🟥မြန်မာနိုင်ငံကပထမဆုံးရှာဖွေတွေ့ရှိခဲ့သောရောဂါ (Amoebic Vaginitis -May’s Disease)

ဝမ်းကိုက်ပိုးက ဆီးနှင့်လိင်အင်္ဂါလမ်းကြောင်းကိုလည်း ရောက်ရှိ ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ်တွင်း ဝမ်းကိုက်ပိုးဝင်ရောင်ရမ်းခြင်းနဲ့ ပက်သက်ပြီးတော့ ဂုဏ်ယူဖွယ်မြန်မာ့ ဂုဏ်ဆောင် ဆရာဝန်ကြီးများ ပေါ်ထွက်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးဗိုက်ခွဲ၍ ကလေးမွေးခြင်းကိုစတင် လုပ်ဆောင်ခဲ့သူ သားဖွားမီးယပ် ဆရာမဝန်ကြီးဒေါ်ရင်မေက သုသေသန မှတ်တမ်းပြု ရှာဖွေတွေရှိခဲ့သည်မှာ ဝမ်းကိုက်ပိုးက မိန်းမကိုယ်တွင်းဝင်ရောက်ပြီး ရောင်ရမ်း‌ခြင်းရောဂါဖြစ်ပါတယ်။

ဆရာမကြီးရဲ့ ဆေးပညာထူးချွန်မှုအတွက် နိုင်ငံတော်ကသီရိပျံချီဘွဲ့ကို ချီးမြှင့် ဂုဏ်ပြုခဲ့ပါတယ်။

🟥ဝမ်းကိုက်ပိုးကြောင့်ဖြစ်ရသောဝမ်းတွင်းအလုံးအကျိတ် (Ameboma)

ဝမ်းကိုက်ပိုးကိုခန္ဓာကိုယ်က တုံ့ပြန်တိုက်ခိုက်ခြင်းကြောင့် အူအတွင်းအလုံးအကျိတ်ကဲ့သို့ အူအသားထူထူဖြစ်လာတတ်ပါတယ်။ ဝမ်းဗိုက်မှာအလုံးအ‌နေနဲ့စမ်းမိပြီး ကင်ဆာအကျိတ်၊ တီဘီအကျိတ်၊ ဒါမှမဟုတ် အခြားရောဂါဆန်းများ (Crohn disease , actinomycosis, lymphoma) နဲ့ မှားယွင်းကုသမိတတ်ပါတယ်။

Biopsy အသားစယူဓာတ်ခွဲစစ်ဆေးခြင်းဖြင့်သာ ရောဂါအခြေအနေကို သိနိုင်မှာ ဖြစ်တာကြောင့် ပေါ့ဆလို့မရတဲ့ရောဂါတစ်ခုထဲမှာပါဝင်နေပါတယ်။
ဧရာဝတီတိုင်းမ် ပရိသတ်များအနေဖြင့်လည်း ဝမ်းကိုက်ပိုးအကြောင်းသိရှိ နားလည် လောက်ပြီလို့ယူဆပါတယ်။

ဝမ်းကိုက်ရောဂါများကင်း‌ဝေးကြပါစေကြောင်းကို ထပ်လောင်း ဆုတောင်းပေးလိုက် ပါတယ်။

နောက်တစ်ပတ်မှာတော့ ကလေးငယ်များရဲ့ဖွံ့ဖြိုးမှု မှတ်တိုင်များအကြောင်း ဖော်ပြတင်ဆက်ပေးမှာဖြစ်တာကြောင့်စောင့်မျှော်ဖတ်ရှုအားပေးကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဝမ်းကိုက်ပိုးကြောင့် #ဖြစ်ပေါ်တတ်တဲ့ဝေဒနာများ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။