
ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒေသခံပြည်သူ ၈၀နီးပါးကို စစ်ကောင်စီနှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီး၍ ပိတ်လှောင် ထားကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင် ၄၅ဦးနှင့် အစ္စလာမ်ဘာသာဝင် ၃၅ဦးကို ယနေ့ မေ ၂၇ရက် နံနက် ၇နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“ရပ်ကွက် ၂ ခုက ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဖမ်းပြီး ဝိမလက စာသင်ကျောင်း ထဲပိတ်ထားတယ်တဲ့။ လူသားဒိုင်းလုပ်ဖို့လား ပြန်ပေးဆွဲငွေညှစ်ဖို့ လားတော့ မသိရ သေးဘူး” ဟု မောင်တော ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်ရှိ ဝိမလရွာနှင့် မြို့ဦးရွာတို့ကို စစ်ကောင်စီနှင့် မူဆလင် လက်နက်ကိုင် စုပေါင်းအင်အား ၁၀၀ခန့်က လက်နက်များပစ်ဖောက်၍ ဝင်ရောက်လာပြီး ဒေသခံ ၈၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
လာရောက်ဖမ်းဆီးသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ မြို့သူကြီး နယ်ခြားစောင့်ရဲတပ်ရင်း နခခ-၅ မှ တပ်ဖွဲ့ဝင်များနှင့် မူဆလင်လက် နက်ကိုင်များဖြစ်ပြီး ဒေသခံများကို ဝိမလရွာ စာသင်ကျောင်းအတွင်း၌ ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။
မောင်တောမြို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက လူသားဒိုင်းအဖြစ်ပြုလုပ်ရန်အတွက် ဒေသခံများကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မောင်တောမြို့နယ်ရှိ မူဆလင်သေခံတချို့ကို စစ်ကောင်စီက ငွေကျပ် ၁၅သိန်းမှ သိန်း ၁၀၀အထိ တောင်းယူ၍ ၎င်းတို့၏ စစ်သင်္ဘောများ ကမ်းထိုးဇက်ရေယာဉ်များဖြင့် တင်ဆောင်ပြီး စစ်တွေမြို့သို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။
စစ်ကောင်စီသည် မောင်တောရှိ ကညင်ချောင်း စီးပွားရေးဇုံရှိရာ ဆိပ်ကမ်းသို့ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် လူအင်အားဖြည့်တင်းပြီး အပြန်တွင် ယခုကဲ့သို့ မောင်တောရှိဒေသခံ များထံမှ ငွေညှစ်ကာ လူကုန်ကူးသကဲ့သို့ပြုမူနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
#မောင်တော #စစ်ကောင်စီ #ဒေသခံပြည်သူ #၈၀နီးပါး #ဖမ်းဆီး #Ayeyarwaddy_Times