ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

ဆိုင်ကလုန်းမုန်တိုင်း Remal သည် မေ ၂၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကုန်းတွင်း ပိုင်းဒေသများထံ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် လာမည့် ၂ ရက် အတွင်း ဆက်လက်မိုးကြီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်မုန်တိုင်း (Remal) သည် ၆ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် အဖြစ်မှ နောက်ထပ် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) ၏ ယနေ့ မေ ၂၇ ရက် နေ့လယ်ပိုင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းအပါအဝင် ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ အခုက မုန်တိုင်းကအားလျော့သွားပြီ။ လေဖိအားနည်းရပ်ဝန်းဆက်ပြီးရွေ့နိုင်မယ့် လမ်းကြောင်းမှာ စစ်ကိုင်းတိုင်း အထက်ပိုင်းအထိရောက်လာတာတွေ့ရတယ်။ တစ်နာရီမိုင် ၂၀ လောက်တိုက်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရွေ့လာမှာပါ” ဟု မိုးလေဝ သဘာသာရပ်ကို လေ့လာနေသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

ထို့ပြင်ကုန်တွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေလျားဝင်ရောက်နိုင် သောကြောင့် မေ ၂၈ တွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်သော နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် မိုးသည်းထန်ပြီးလေပြင်းကျရောက်နိုင်ကြောင်း ဦးဝင်းနိုင်က ဆိုထားသည်။

မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းသောဒေသများတွင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းအပါအဝင် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့ပါဝင်ပြီး ယင်းရွေ့လျားရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်းပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီးလှိုင်းကြီးနိုင်မည်ဖြစ်ကြောင်း ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်ပေ ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း မိုး/ဇလ ထံက သည်။

အနောက်တောင်မုတ်သုံလေသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှစတင်၍ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်ပြီ ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မိုးဇလ
#ဆိုင်ကလုန်းမုန်တိုင်း #REMAL #ဘင်္ဂလားဒေ့ရှ်ဝင်ရောက် #မိုးကြီးမည် #မြန်မာနိုင်ငံအလယ်ပိုင်း #မုတ်သုံ #Ayeyarwaddy_Times