
ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ချုပ်ကိုင်မှု ပိုများ လာပြီးနောက်ပိုင်းတွင် အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲ နှုန်းထားဈေးနှုန်း ပိုမိုမြင့်တက်လာကြောင်း သိရသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ကိုင်သူ လူပုဂ္ဂိုလ်နာမည်အများပါအဝင် အွန်လိုင်းငွေလဲ လုပ်ငန်းပေါင်း ၁၃ ခု ကို နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိ ကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း လုပ်ငန်းများဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့ မေ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။
ယနေ့ မေ ၂၇ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် ၁၁၆ ကျပ် ၊ တရုတ်တစ်ယွမ်လျှင် ၅၈၆ ကျပ်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းက သိရသည်။
ထို့အတူ ပြည်တွင်းရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းကျော် ကျပ် (၅,၃၀၅,၀၀၀) ရှိလာကြောင်းသိရသည်။
“ အဲဒီလိုဖမ်းလိုက်ရင် ငွေဈေးကျသွားမယ်ပေါ့။ သူတို့ထင်တာ ( စစ်ကောင်စီ) အခုက ပိုတောင်တက် လာသေးတယ်။ ဒီတစ်ပတ်အတွင်းဈေးတက်နိုင်သေးတယ်။ စစ်ကောင် စီမှာ သူတို့ပိုက်ဆံလိုတယ်။ အဲဒီလိုဖမ်းလို့တွေ့ရင်သိမ်းမယ်။ ဈေးကျရင် သူတို့က ဝယ်ဖို့စောင့်တာ။ ဒေါ်လာဈေးက သူတို့လုပ်မှပိုတက်တယ်။ ရွှေဈေးကပိုတက်နေတာ ဒေါ်လာဈေးက ဒီလောက်မဟုတ်သေးဘူး ” ဟု ပို့ကုန်/သွင်းကုန် လုပ်ကိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နိုင်ငံခြားငွေများရောင်းဝယ်ရာတွင် Online Market Rate အတိုင်း ရောင်းဝယ်ရန်လိုအပ်ပြီး AD လိုင်စင်ရဘဏ်များက လိုက်နာရန်လိုအပ်ကာ လိုက်နာ မှုမရှိကြောင်း စစ်ဆေးပေါ်ပေါက်ပါက သက်ဆိုင်ရာဥပဒေများ အရအရေး ယူမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ဖော်ပြောကြားသည်။
ကုန်သွယ်မှုလုပ်ငန်းများအတွက် ငွေပေးချေမှုများဆောင်ရွက်ရာတွင် တရားဝင် ဘဏ်စနစ်မှ ဆောင်ရွက်ရန် လိုအပ်ပြီး ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ရေး အတွက်ပူးပေါင်းကြရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဗဟိုဘဏ်တွေ့ဆုံရာတွင် ပြောကြားထားသည်။
“ အိတ်စပိုစ့် (Export) လုပ်တဲ့သူတွေအကုန်ခေါ်တာ။ ဒေါ်လာသွင်းဖို့ကျန်တဲ့သူတွေဖမ်းမယ်။ စစ်မယ်။ ပစ္စည်းတွေသိမ်းမယ် ဆိုပြီးကြားနေတာရှိတယ်။ ဒေါ်လာကို ဘယ်ကနေမှ အဝင်မရှိတော့ ကုန်သည်တွေကို ကြပ်နေတယ်။ ကုန်သွယ်ရေး ရပ်တန့်နေတော့ ပိုက်ဆံတွေရှားနေတယ်။ ဒေါ်လာဖမ်းတာထပ် ရွှေဈေးတက်အောင် လုပ်တဲ့သူတွေကို ဖမ်းသင့်တာ။ ရွှေဈေးက ပိုတက်နေတယ် ” ဟု ကုန်သွယ်ရေးလုပ်သူ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ငွေလဲလှယ်နှုန်း တည်ငြိမ်မှု အဟန့်အတားဖြစ်စေသော ရွှေနှင့် နိုင်ငံခြားငွေဈေးကစားသူများကို ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ စိစစ်အရေးယူလျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန် ထားပြီး ပြည်တွင်းသုံးငွေကို ဗဟိုဘဏ်ကတစ်ဦးတည်းကသာ ထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်ကြောင်းဆိုထားသည်။
ထို့ပြင် နိုင်ငံတကာအစိုးရများ၏ တရားဝင်စီမံခန့်ခွဲမှုအောက်တွင်မရှိသော Digital ငွေကြေးများဖြစ်သည့် Cryptocurrency ၊ USDT ၊ BTC ၊ LTC များသည် တရားမဝင်ကြောင်း၊ ယင်းတို့ကိုအသုံးပြုပြီးဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဥပဒေတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နိုင်ငံခြားငွေကြေးဈေးကွက် #ဗဟိုဘဏ်ထိန်းချုပ် #ငွေလဲလုပ်သူများအရေးယူခံရ#ဒေါ်လာဈေးတက် #ဘတ်ဈေးတက် #ယွမ်ဈေးတက် #Ayeyarwaddy_Times